AD
AD
AD

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ်စခန်းကို မေလအတွင်း ဖျက်သိမ်းသွားမှာဖြစ်ပြီး ထိုသို့ ဖျက်သိမ်းမှုကိုလည်း ကမ္ဘာက မြင်တွေ့သိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာ ပြုလုပ်သွားမယ်လို့ ကင်မ်ဂျုံအန်က ကတိပြုခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ရုံးခန်းက ယနေ့ (ဧပြီ ၂၉ ရက်) ပြောပါတယ်။

play
ညစာစားပွဲမှာ တွေ့ရသည့် ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း


မြောက်ကိုရီးယားရဲ့ Punggye-ri နျူကလီးယား စမ်းသပ်စခန်းကို ဖျက်သိမ်းရာမှာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့မှ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ခေါ်ပြသသွားမယ်လို့ ဆိုပါတယ်။

Pynggye-ri စခန်းဟာ ယမန်နှစ် စက်တင်ဘာလအတွင်း မြောက်ကိုရီးယားရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခဲ့မှုအတွင်း ပြိုကျပျက်စီးခဲ့ပြီး အသုံးမပြုနိုင်တော့ကြောင်း အစောပိုင်းမှာ တရုတ်နိုင်ငံမှ မြေငလျင်ပညာရှင်တွေက ပြောထားခဲ့ပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်စခန်း


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ရဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှုကို သောကြာနေ့ (ဧပြီ ၂၇ ရက်) က နယ်စပ်ဒေသရှိ စစ်မဲ့ဇုန်မှာ ပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရန် အပါအဝင် နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ကြပါတယ်။

ဧပြီ ၂၇ ရက် တွေ့ဆုံဆွေးနွေးမှုဟာ ၁၁ နှစ်ကျော်အတွင်း ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့ပါတယ်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်ဆိုင်းခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ တတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို စစ်ဆေးကြည့်ရှုနေသည့် ကင်မ်ဂျုံအန်


ယခင် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်း၊ ရိုမိုဟွန်းတို့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ပြုလုပ်ခဲ့ဖူးပါတယ်။

ယခု ဧပြီ ၂၇ ရက် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီမှာ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ချက်ချင်းရပ်ဆိုင်းပြီး နျူကလီးယားစမ်းသပ်စခန်းကိုလည်း ဖျက်သိမ်းသွားကာ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ပြောထားခဲ့ပါတယ်။

နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းမှုကို တောင်ကိုရီးယားနဲ့ အမေရိကန်မှ ကျွမ်းကျင်သူတွေနဲ့ သတင်းထောက်တွေကို မကြာမီ ဖိတ်ကြားပြသသွားပြီး နိုင်ငံတကာကို ပွင့်လင်မြင်သာစွာ သိရှိစေမယ်လို့ ထိပ်သီးဆွေးနွေးပွဲအတွင်း ကင်မ်ဂျုံအန်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို ပြောခဲ့ကြောင်း သမ္မတအိမ်ပြာတော်က သတင်းထုတ်ပြန်ပါတယ်။

play
အထိမ်းအမှတ် သစ်ပင်စိုက်ခဲ့သည့် ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း


အမေရိကန်ကသာ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါက မိမိဟာ အမေရိကန်ကို ပစ်မှတ်ထားတဲ့ နျူကလီးယားဒုံးကျည်တစ်စင်း ပစ်လွှတ်မယ့် လူစားမျိုးမဟုတ်ဘူးဆိုတာ အမေရိကန်တို့ နားလည်းသဘောပေါက်သွားလိမ့်မယ်လို့လည်း ကင်မ်ဂျုံအန်က ပြောခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ထိပ်သီးတွေ့ဆုံမှုကို ယခုနှစ် မေလကုန် သို့မဟုတ် ဇွန်လအစောပိုင်းမှာ ပြုလုပ်သွားရန်လည်း စီစဉ်နေပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း ယခုနှစ် နှောင်းပိုင်းမှာ မြောက်ကိုရီးယားကိုလာရောက်ရန် ဧပြီ ၂၇ ရက် ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုနဲ့ ငလျင်လှုပ်ခတ်မှုများ

ပထမအကြိမ် - အောက်တိုဘာ၊ ၂၀၀၆ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၃ အဆင့်ရှိ ငလျင်လှုပ်)
ဒုတိယအကြိမ် - မေလ၊ ၂၀၀၉ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်)
တတိယအကြိမ် - ဖေဖေါ်ဝါရီလ၊ ၂၀၁၃ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
စတုတ္တအကြိမ် - ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
ပဉ္စမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၃ အဆင့်ရှိ ငလျင်လှုပ်)
ဆဌမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ် (ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်လှုပ်)

ဆက်စပ်သတင်းများ

နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များ ကြေညာ

ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း နယ်စပ်မျဉ်းနေရာမှာ တွေ့ဆုံမှုနဲ့အတူ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ စတင်

အွန်လိုင်းမှာ လူပြောများခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ကိုယ်ရံတော်များ

ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ နောက်ဆုံး ထုတ်ပြန်ချက်အချို့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD