AD
AD
AD

မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး ဆွေးနွေးသွားရန် အသင့်ရှိကြောင်း ကတိပြုပြောကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံမှုအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းနေစဉ်အတွင်း မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်အရေး ထိုသို့ ကတိပြု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၈ ရက်မှာ သတင်းထွက်ပေါ်ခဲ့ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကြည့်ရှုစစ်ဆေးနေသည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ကိစ္စနဲ့ ပတ်သက်ပြီး ယခင်က တောင်ကိုရီးယား သံတမန်အဖွဲ့မှတစ်ဆင့်သာ အမေရိကန်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ နျူကလီးယားလက်နက်အရေး ဆွေးနွေးမယ်လို့ ပထမဆုံးအကြိမ် အမေရိကန်ကို တိုက်ရိုက် ကမ်းလှမ်းလာခဲ့ပါတယ်။

"ကင်မ်ဂျုံအန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စ ဆွေးနွေးလိုတယ်ဆိုတာကို အမေရိကန်အနေနဲ့ အတည်ပြုပါတယ်" လို့ သမ္မတထရန့် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Wall Street Journal နဲ့ Washington Post သတင်းဌာနတို့ကို ဧပြီ ၈ ရက်မှာ ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ထရန့်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံပွဲအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေးအရာရှိတွေဟာ တတိယနိုင်ငံတစ်ခုမှာ တွေ့ဆုံကြပြီး အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းလည်း သိရပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုကို လာမယ့် မေလအတွင်း ပြုလုပ်သွားရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတ ရှီကျင်းပင်


ယခုတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က မတ်လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း နျူကလီးယားလက်နက် အစီအစဉ်တွေကို သတ်မှတ်ချက်များနဲ့အတူ စွန့်လွှတ်သွားမယ်လို့ ကင်မ်ဂျုံအန်က အခိုင်အမာ ပြောခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုပါတယ်။

play
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း


"ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေးကိစ္စရပ်က ဖြေရှင်းနိုင်ပါတယ်၊ တစ်ကယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်က ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အကောင်းမြင်မှုနဲ့ တုံ့ပြန်မယ်၊ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင် ဖန်တီးပြီး တစ်ချိန်တည်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်သွားရင်ပေါ့" လို့ ကင်မ်ဂျုံအန်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဧပြီလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD