AD
AD
AD

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ်ရာ မြေအောက်စခန်းဟာ ယမန်နှစ်အတွင်းက ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး အသုံးပြုလို့မရနိုင်တော့တဲ့ အခြေအနေဖြစ်ကြောင်း တရုတ်နိုင်ငံမှ မြေငလျင်ပညာရှင်တွေက ကောက်ချက်ချ ပြောကြားလိုက်ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကြည့်ရှုစစ်ဆေးခဲ့သည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားက Punggye-ri နျူကလီးယားစမ်းသပ်စန်းမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စမ်းသပ်ဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။ ထိုစမ်းသပ်မှုဟာ ၂၀၀၆ ခုနှစ်မှစပြီး မြောက်ကိုရီးယားရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် Punggye-ri နျူကလီးယားစမ်းသပ်စခန်းရှိတဲ့ တောင်တန်းဒေသမှာ မြေပြိုကျမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း ယမန်နှစ်အတွင်း မြောက်ကိုရီးယားအရေး စောင့်ကြည့်အဖွဲ့ 38 North အဖွဲ့က ပြောခဲ့ဖူးပါတယ်။

play
တရုတ်နိုင်ငံက ကောက်ချက်ချထားမှု


မြောက်ကိုရီးယားရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုက်ဂျင်ဗုံး ဖောက်ခွဲခဲ့မှုကြောင့် Punggye-ri စမ်းသပ်စခန်း အနီးတဝိုက်မှာ အင်အား ရစ်(ခ်)တာစကေး ၆.၃ အဆင့်ရှိ မြေငလျင်လှုပ်ရှားမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် ငလျင်လှုပ်ခတ်မှုကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နေရာအများအပြားမှာ ခံစားသိရှိခဲ့ပြီး အချို့ မြို့တွေမှာ ၈ စက္ကန့်မျှကြာတဲ့အထိ လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့လည်း ထိုစဉ်က တရုတ်သတင်းတွေနဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံး မစမ်းသပ်မီနှင့် စမ်းသပ်ပြီးနောက် Punggye-ri စခန်း အခြေအနေ


တရုတ် မြေငလျင်ပညာရှင်တွေရဲ့ ယခုပြောကြားမှု မတိုင်မီမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဒုံးကျည်နဲ့နျူကလီးယား စမ်းသပ်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့လည်း ကြေညာခဲ့ပါတယ်။ ကင်မ်ဂျုံအန်က ဧပြီ ၂၇ ရက်မှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီ ထိုသို့ ကြေညာပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play
မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားမှာ တွေ့ရသည့် ဒုံးကျည်များ


ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိုလည်း ဆွေးနွေးမယ်လို့ ပြောထားပါတယ်။ ကင်မ်ဂျုံအန်ဟာ မတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

လာမယ့် မေလကုန် သို့မဟုတ် ဇွန်အစောပိုင်းမှာလည်း ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုနဲ့ ငလျင်လှုပ်ခတ်မှုများ

ပထမအကြိမ် - အောက်တိုဘာ၊ ၂၀၀၆ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၃ အဆင့်ရှိ ငလျင်လှုပ်)
ဒုတိယအကြိမ် - မေလ၊ ၂၀၀၉ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်)
တတိယအကြိမ် - ဖေဖေါ်ဝါရီလ၊ ၂၀၁၃ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
စတုတ္တအကြိမ် - ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
ပဉ္စမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၃ အဆင့်ရှိ ငလျင်လှုပ်)
ဆဌမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ် (ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်လှုပ်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD