AD
AD
AD

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက လေကြောင်းတိုက်ခိုက်မှုကို ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ခြင်းအပေါ် မြောက်ကိုရီးယားနိုင်ငံက ပြင်းထန်တဲ့ တုံ့ပြန်သတိပေးမှုတွေ ရှိလာခဲ့ပါတယ်။

play
အမေရိကန် F-22 Raptor တိုက်လေယာဉ် ဂွမ်ဂျူးလေတပ်စခန်းမှ ပျံတက်သွားစဉ်


နှစ်နိုင်ငံကြား သဘောကွဲလွဲမှုတွေကို ဖြေရှင်းမပြီးခင်မှာ တောင်ကိုရီးယားနဲ့ဆွေးနွေးမှုတွေ ပြန်လည် လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်Ri Son-gwon က မေလ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။

Ri Son-gwon က တောင်ကိုရီးယားအစိုးရဟာ အဆင်အခြင်မဲ့ပြီး စွမ်းဆောင်ရည်မရှိကြောင်းလည်း ပြောကြားပြီး အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ တွေ့ဆုံခဲ့စဉ်


"မြောက်နဲ့တောင် အဆင့်မြင့် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှုကို ဆိုင်းငံ့ခဲ့ရတဲ့ ဒီအခြေအနေတစ်ရပ်ကို မဖြေရှင်းနိုင်ဘဲနဲ့တော့ လက်ရှိ တောင်ကိုရီးယားအစိုးရနဲ့ မျက်နှာချင်းဆိုင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ ဘယ်တော့မှ လွယ်ကူမှာမဟုတ်ပါဘူး" လို့ Ri Son-gwon ရဲ့ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။

KCNA က အခြား အသေးစိတ်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားက ယမန်နေ့ (မေလ ၁၆ ရက်) မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းသွားနိုင်ကြောင်း သတိပေးခဲ့ပါသေးတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


အမေရိကန်က ၎င်းတို့ရဲ့ ငြိမ်းချမ်းရေးလိုလားမှုကို အသိအမှတ်မပြုဘဲ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ တစ်ဖက်သတ် ဖိအားပေးတောင်းဆိုနေပါက စင်ကာပူနိုင်ငံမှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းသွားနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၁၂ ရက်မှာ ပြုလုပ်သွားရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD