AD
AD
AD

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားပိုင်နက်ထဲမှာ ယနေ့ (ဧပြီ ၂၇ ရက်) ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် လိုက်ပါစီးနင်းတဲ့ ဇိမ်ခံကားကို အပြေးလိုက်ပါပြီး ခြံရံစောင့်ရှောက်ခဲ့ကြတဲ့ ၎င်းရဲ့ကိုယ်ရံတော် ၁၂ ဦး သတင်းဓာတ်ပုံနဲ့ ဗီဒီယိုက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြား အပြောများခဲ့ကြပါတယ်။

play


မနက်ပိုင်းဆွေးနွေးမှုအပြီးမှာ ကင်မ်ဂျုံအန်က နေ့လယ်စာသုံးဆောင်ရန် မြောက်ကိုရီးယားဘက်ကို ခေတ္တပြန်လည်ထွက်ခွာရာမှာ အနည်းငယ်သာဝေးတဲ့ အကွာအဝေးကို လမ်းလျှောက်မသွားဘဲ ၎င်းရဲ့ မာစီဒီးစ် ဇိမ်ခံကားစီးပြီး ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ဂျုံအန်က Panmumjom ကျေးရွာရှိ Peace House ကနေ မြောက်ကိုရီးယားဘက်ကို ကားစီးပြီး ပြန်လည်ထွက်ခွာရာမှာ ၎င်းရဲ့ကိုယ်ရံတော် ၁၂ ဦးက ကားရဲ့ဘေးတစ်ဘက်စီမှာ ၅ ဦးစီနဲ့ ကားနောက်ကနေ ၂ ဦးက အပြေးလိုက်ပါကာ အင်္ဂလိပ်အက္ခရာ U ပုံစံအတိုင်းခြံရံပြီး ခေါင်းဆောင်ဖြစ်သူကို စောင့်ရှောက်ခဲ့ကြပါတယ်။

play


ကင်မ်ဂျုံအန် နယ်စပ်ဖြတ်သန်းရန် နယ်နမိတ်မျဉ်းနေရာကို လာရောက်စဉ်မှာလည်း ကိုယ်ရံတော်ခုနစ်ဦးက ၎င်းရဲ့ရှေ့ကနေ ပိတ်ကာထားပြီး စောင့်ရှောက်ခဲ့ကြတာလည်း တွေ့ခဲ့ရပါတယ်။ အဆိုပါ မြင်ကွင်းတွေဟာ မြင်တွေ့ရသူတွေအတွက် ကို့ရိုကားယားနိုင်တဲ့ ပြုံးချင်စရာ မြင်ကွင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

play


သို့သော် လက်ရှိအချိန်ထိ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးမသတ်နိုင်သေးဘဲ စစ်ပွဲရပ်ဆိုင်းထားတဲ့ အခြေအနေမှာ ရန်ဘက်နိုင်ငံပိုင်နက်အတွင်း ရောက်ရှိနေတဲ့ မိမိတို့ခေါင်းဆောင် ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ရံတော်တွေက တာဝန်ကျေပွန်စွာ အပြည့်အဝ စောင့်ရှောက်ခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။

play


၁၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးမှ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် သဘောတူညီချက်တွေ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

play


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံသို့သွားရောက်ခဲ့ပြီး သမ္မတရှီကျင်ပင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဇွန်လအစောပိုင်းမှာလည်း ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားရန် စီစဉ်နေကြာင်း သိရပါတယ်။

Postby

 

ဆက်စပ်သတင်းများ

- နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များ ကြေညာ

ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း နယ်စပ်မျဉ်းနေရာမှာ တွေ့ဆုံမှုနဲ့အတူ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ စတင်

ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ နောက်ဆုံး ထုတ်ပြန်ချက်အချို့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD