AD
AD
AD

အစောပိုင်းက ခန့်မှန်းသတင်းတွေ ထွက်ပေါ်ခဲ့တဲ့အတိုင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံလုံးက ယနေ့ (မတ်လ ၂၈ ရက်) အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

play
ကင်မ်ဂျုံအန်ဇနီးမောင်နှံနှင့် ရှီကျင်းပင်ဇနီးမောင်နှံ


ကင်မ်ဂျုံအန်အတွက် တရုတ်ခရီးစဉ်ဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရလာခဲ့ပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မ်ဂျူံအန်နဲ့ ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးမှုဟာ ကျေနပ်အားရစရာဖြစ်ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တနင်္ဂနွေနေ့ (မတ်လ ၂၅ ရက်) မှ ယနေ့ (မတ်လ ၂၈ ရက်) အထိ လေးရက်ကြာခရီးစဉ် လာရောက်ခဲ့ပြီး ဘေဂျင်းမြို့မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ရှီကျင်းပင် လက်ဆွဲနှုတ်ဆက်စဉ်


တရုတ်သမ္မတရှီကျင်းပင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ၎င်းရဲ့ဇနီး ရီဆိုလ်ဂျူတို့ကို ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ အနီးကပ်မဟာမိတ်တွေအဖြစ် ခိုင်မာတဲ့ ဆက်ဆံရေးရှိထားကြပါတယ်။

"ကျွန်တော်နဲ့ သမ္မတရှီကျင်းပင်တို့ အောင်အောင်မြင်မြင် ဆွေးနွေးခဲ့ကြပါတယ်၊ ပါတီနှစ်ခုကြားနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ နောက် သက်ဆိုင်ရာ ပြည်တွင်းအခြေအနေ၊ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိရေးနဲ့ အခြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်" လို့ မြောက်ကိုရီးယားခေါင်းခေါင် ကင်မ်ဂျုံအန်က ပြောပါတယ်။

play
တရုတ်မ္မတရှီကျင်းပင်နှင့် ကင်မ်ဂျုံအန်တို့ ဆွေးနွေကြစဉ်


ဆွေးနွေးပွဲအတွင်း ပြုံယမ်းကိုလာရောက်ရန် ကင်မ်ဂျုံအန်ရဲ့  ဖိတ်ကြားမှုကိုလည်း တရုတ်သမ္မတရှီကျင်းပင်က လက်ခံခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာနက ပြောပါတယ်။ မြောက်ကိုရီးယား အာဏာရပါတီနဲ့ အစိုးရကိုယ်စား ကင်မ်ဂျုံအန်က သမ္မတရှီကျင်းပင်ကို အဆင်ပြေတဲ့အချိန်မှာ တရားဝင်ခရီးစဉ် လာရောက်ရန်ဖိတ်ကြားခဲ့ရာ ရှီကျင်းပင် ဝမ်းမြောက်စွာ လက်ခံခဲ့တယ်လို့ KCNA သတင်းက ဖော်ပြပါတယ်။

play
တရုတ်ကိုရောက်ရှိလာသည့် ကင်မ်ဂျုံအန်နှင့် ဇနီး ရီဆိုလ်ဂျူ


တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း နျူကလီးယားလက်နက် အစီအစဉ်တွေကို သတ်မှတ်ချက်များနဲ့အတူ စွန့်လွှတ်သွားမယ်လို့ ကင်မ်ဂျုံအန်က အခိုင်အမာ ပြောခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုပါတယ်။

"ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေးကိစ္စရပ်က ဖြေရှင်းနိုင်ပါတယ်၊ တစ်ကယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်က ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အကောင်းမြင်မှုနဲ့ တုံ့ပြန်မယ်၊ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင် ဖန်တီးပြီး တစ်ချိန်တည်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်သွားရင်ပေါ့" လို့ ကင်မ်ဂျုံအန်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

play
ရှီကျင်းပင်နှင့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဧပြီလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၊ မေလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့နဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်ကို တရားဝင်ကြေညာထားခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။ တရုတ်နိုင်ငံကိုလာရောက်ခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရလည်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

play
ကင်မ်ဂျုံအန်ရဲ့ တရုတ်ခရီးစဉ်ပြ မြေပုံ


ဒါ့အပြင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့နဲ့ အရေးပါတဲ့ ထိပ်သီးတွေ့ဆုံမှုတွေ မတိုင်မီ ကင်မ်ဂျုံအန်က တရုတ်သမ္မတကို လာရောက်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

ကင်မ်ဂျုံအန် စီးနင်းလိုက်ပါလာတဲ့ ရထားဟာ မတ်လ ၂၅ ရက် တရုတ်နယ်စပ်မြို့ Dandong ကနေ ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် မတ်လ ၂၆ ရက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့က ဘေဂျင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

play
ရထားပေါ်မှ နှုတ်ဆက်နေသည့် ကင်မ်ဂျုံအန်


Dandong မြို့နဲ့ ဘေဂျင်းမြို့ကြား ရထားလမ်းဟာ မိုင် ၆၈၀ ရှည်လျားပြီး သာမန်ရထားဖြင့် ခုတ်မောင်းပါက အနည်းဆုံး ၁၄ နာရီ ကြာမြင့်ကြောင်း တရုတ်ရထားလမ်း အချိန်ဇယားတွေက ဖော်ပြထားပါတယ်။ ကင်မ်ဂျုံအန်ဟာ မတ်လ ၂၇ ရက် မွန်းလွဲပိုင်းမှာ ဘေဂျင်းမြို့မှ ရထားဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပြီး ယနေ့ (မတ်လ ၂၈ ရက်) မှာ မြောက်ကိုရီးယား-တရုတ် နယ်စပ်ကိုဖြတ်ကျော်သွားခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD