AD
AD
AD

အမေရိကန်နိုင်ငံမှ သက်တမ်းအရှည်ကြာဆုံး သေနတ်ထုတ်လုပ်ရေးကုမ္ပဏီ Remington Outdoor က သေနတ်ရောင်းအား ကျဆင်းလာမှုကြောင့် ဒေဝါလီခံရခဲ့ကြောင်း သိရပါတယ်။

play
ဝါရှင်တန်မှာ သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် ဆန္ဒပြစဉ်


သက်တမ်း ၂၀၂ နှစ်ရှိပြီဖြစ်တဲ့ Remington ရဲ့ အကြီးအကဲ စတီဖင်ဂျက်ဆင်က ကုမ္ပဏီကို ဒေဝါလီခံရန်အတွက် တရားရုံးတော်သို့ တင်ပြထားပြီး ယမန်နှစ်အတွင်း သေနတ်ရောင်းအား သိသာစွာ ကျဆင်းခဲ့မှုက အဓိက အကြောင်းရင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်မှာ လူ ၁၇ ဦး သေဆုံးခဲ့တဲ့ ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်တဲ့ ဥပဒေပြင်ဆင်ပြဌာန်းရန် ဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်နေစဉ် သေနတ်ကုမ္ပဏီက ဒေဝါလီခံခဲ့တာလည်း ဖြစ်ပါတယ်။

play
Remington က ထုတ်လုပ်သည့် ပစ္စတိုသေနတ်


ဖေဖေါ်ဝါရီ ၁၄ ရက်က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် နီကိုလက်စ် ခရုဇ်အမည်ရှိ ကျောင်းသားက ပစ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၂၄ ရက်မှာလည်း သေနတ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်တဲ့ ဥပဒေပြင်ဆင်ရန် အမေရိကန်တစ်ဝှမ်း ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ဝါရှင်တန်ဆန္ဒပြပွဲမှာ လူဦးရေငါးသိန်းအထိ ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ယခု ဒေဝါလီခံရတဲ့ Remington သေနတ်ကုမ္ပဏီဟာ ကြွေးမြီ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တင်ရှိနေကြောင်းလည်း သိရပါတယ်။

Remington ဒေဝါလီခံတဲ့ လုပ်ငန်းစဉ်ကို လာမယ့် မေလ ၃ ရက်မှာ အပြီးသတ်နိုင်ရန် ကုမ္ပဏီက စီစဉ်ထားပါတယ်။ Remington သေနတ်ထုတ်လုပ်ရေးကုမ္ပဏီကို ၁၈၁၆ ခုနှစ်အတွင်း နယူးယော့ခ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

play
Remington ထုတ် သေနတ်များ ခင်းကျင်းပြသထားမှု


သို့သော် နောက်ပိုင်းမှာ မြောက်ကာရိုလိုင်းနားပြည်နယ်ကို ရွှေ့ပြောင်းအခြေစိုက်ခဲ့ကြောင်း သိရပါတယ်။ Remington က ပထမကမ္ဘာစစ်နဲ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေအတွက် သေနတ်များ အဓိက ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ၂၀၀၇ ခုနှစ်မှာ ဒေါ်လာ ၁၁၈ သန်း တန်ဖိုးရှိ Remington ရှယ်တွေကို Cerberus Capital Management က ဝယ်ယူခဲ့ပါတယ်။ Cerberus ရဲ့ ထိန်းချုပ်ကိုင်တွယ်မှုဖြင့် အမေရိကန်မှာ Remington ရဲ့ သေနတ်ရောင်အား သိသာစွာ မြင့်တက်လာပါတယ်။

play
Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်ခဲ့သည့် Adam Lanza


New York Times သတင်းရဲ့ အဆိုအရ Remington သေနတ်ရောင်းအားဟာ ၂၀၀၂ ခုနှစ်မှာ ၃.၃ သန်းသာ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ၈.၆ သန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ သို့သော် ၂၀၁၂ ခုနှစ်မှာပင် ကွန်နက်တီကက်ပြည်နယ် နယူတန်မြို့ရှိ Sandy Hook မူလတန်းကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် Remington ကုမ္ပဏီရဲ့ သေနတ်ရောင်းကို သက်ရောက်မှုရှိလာခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန် - နှစ် ၂၀ အတွင်း အမေရိကန် စာသင်ကျောင်းပစ်ခတ်မှုများ

၂၀၁၂ ခုနှစ် ဖြစ်ရပ်မှာ အသက် ၂၀ နှစ်အရွယ် Adam Lanza က မိခင်ကို ပစ်ခတ်ခဲ့ပြီးနောက် Sandy Hook မူလတန်းကျောင်းမှာ ကလေး ၂၀ ဦးနဲ့ လူကြီးခြောက်ဦးကို ပစ်သတ်ခဲ့ပါတယ်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။

အဆိုပါ သေနတ်သမားက Remington ကုမ္ပဏီထုတ် Bushmaster AR-15 ရိုင်ဖယ်ကို အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရန့် သမ္မတဖြစ်လာခဲ့ပြီး ပထမကိုးလအတွင်းမှာလည်း သေနတ်ရောင်းအား ၂၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Remington က ပြောထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD