AD
AD
AD

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်မှာ ဓားကိုင်အမျိုးသားတစ်ဦးက တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိပြီး စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးခဲ့သူဟာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

play


ဒေသစံတော်ချိန် မေလ ၁၂ ရက် ည ၉ နာရီခွဲဝန်းကျင်က ပါရီမြို့လယ်မှာ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဓားဖြင့်တိုက်ခိုက်တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ ရုရှားနိုင်ငံ ချေချင်းညာဒေသမှာ ၁၉၉၇ ခုနှစ်အတွင်း မွေးဖွားခဲ့သူဖြစ်ကြောင်း တရားရေးဌာနက ပြောပါတယ်။ ၎င်းဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နိုင်သူအဖြစ် ပြင်သစ်ရဲ့ စောင့်ကြည့်စာရင်းမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ရဲ့ စစ်သည်တစ်ဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ ပါရီမြို့ရဲ့ ထင်ရှားတဲ့ အော်ပရာ ကဇာတ်ရုံအနီး ဘားဆိုင်နဲ့ စားသောက်ဆိုင်များရှိပြီး ညပိုင်းအချိန် အပန်းဖြေသွားလာ စားသောက်သူများဖြင့် စည်ကားကျော်ကြားပါတယ်။

play


အကြမ်းဖက်တိုက်ခိုက်သူက အနီးအနားမှ ဖြတ်သန်းသွားလာသူတွေကို ဓားဖြင့်ထိုးခဲ့ပြီးနောက် အနီးအနားရှိ စားသောက်ဆိုင်များအတွင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပေမဲ့ ဆိုင်ထဲမှာရှိနေသူတွေက တံခါးများပိတ်ဆို့ထားခဲ့ကြပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူက 'ဘုရားသခင်က အကြီးကျယ်ဆုံးဖြစ်တယ်' လို့ အော်ဟစ်ပြီး ဓားဖြင့်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လူငါးဦး ဓားဖြင့်တိုက်ခိုက်ခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာရခဲ့သူတွေကို ဆေးရုံတင်ထားရကြောင်းနဲ့ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

play


ရဲတပ်ဖွဲ့က ဓားဖြင့်တိုက်ခိုက်သူကို ကနဦးမှာ လျှပ်စစ်သေနတ်ဖြင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ပြီးနောက် အသေပစ်သတ်ခဲ့ပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခ်ရွန်က "ပြင်သစ်ဟာ နောက်တစ်ကြိမ် သွေးဖြင့်ပေးဆပ်ခဲ့ရပြန်ပါပြီ၊ ဒါပေမဲ့ လွတ်လပ်မှုရဲ့ ရန်သူတွေကို တစ်လက်မမျှ အလျှော့ပေးသွားမှာ မဟုတ်ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။

play


လတ်တလော နှစ်များအတွင်း ဥရောပနဲ့ အမေရိကန် မြို့တွေမှာ ဓားဖြင့်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မော်တော်ယာဉ်များသုံးပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေခဲ့ကြောင်းလည်း သိရပါတယ်။

ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ

ဇန်နဝါရီ ၇-၉၊ ၂၀၁၅ - အစ္စလာမ်မစ် သေနတ်သမားနှစ်ဦးက Charlie Hebdo မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ ထိုရက်အတွင်းမှာပင် အခြား အစ္စလာမ်မစ် သေနတ်သမားက အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ပြီး ဂျူးလူမျိုးတစ်ဦး ပိုင်ဆိုင်တဲ့ စူပါမတ်ကက်အတွင်း ဓားစားခံများ ဖမ်းဆီးထားမှု ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်အတွင်း ဓားစာခံ ၄ ဦး သေဆုံးခဲ့ပြီး သေနတ်သမားကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အခြား သေနတ်သမားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးမှုအတွင်း အသေပစ်သတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃၊ ၂၀၁၆ - ပါရီမြို့ရှိ ဘတ်တာကလန် ဖျော်ဖြေရေးခန်းမ၊ ဘားဆိုင်များနဲ့ စားသောက်ဆိုင်များမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လူ ၁၃၀ သေဆုံးခဲ့ပါတယ်။

ဇွန် ၁၃၊ ၂၀၁၆ - အစ္စလာမ်မစ် ဂျီဟတ်ဝါဒီတစ်ဦးက ရဲတပ်ဖွဲ့အရာရှိနဲ့ အဖော်ဖြစ်သူတို့ကို ပါရီမြို့အနောက်ပိုင်း Magnanville ရှိ အဆိုပါ ရဲအရာရှိရဲ့နေအိမ်မှာ ဓားဖြင့်ထိုးသတ်ခဲ့ပါတယ်။ ဓားဖြင့်ထိုးသတ်သူက ၎င်းဟာ အိုင်အက်စ်အဖွဲ့ကို သစ္စာခံသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ၎င်းကို အသေပစ်သတ်ခဲ့ပါတယ်။

ဇူလိုင် ၁၄၊ ၂၀၁၆ - ပြင်သစ်နိုင်ငံတောင်ပိုင်း နိစ်မြို့မှာ Bastille Day အခမ်းအနား ကျင်းပနေတဲ့ လူအုပ်အတွင်း လော်ရီကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၆၊ ၂၀၁၆ - နော်မန်ဒီဒေသ Saint-Etienne-du-Rouvray ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ အကြမ်းဖက်သမားနှစ်ဦးက ဘုန်းတော်ကြီးကို ဓားဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်သူ နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၃၊ ၂၀၁၇ - ပါရီမြို့ရှိ Louvre သမိုင်းဝင်ပြတိုက်မှာ လုံခြုံရေးတာဝန်ကျ စစ်သားများကို ဓားဖြင့်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဓားဖြင့်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူ ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၂၀၊ ၂၀၁၇ - ပါရီမြို့လယ် Champs Elysees လမ်းမပေါ်မှာ ရဲတပ်ဖွဲ့ စောင့်ကြည့်စာရင်းဝင်သူ သေနတ်သမားက ရဲတပ်ဖွဲ့ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားကို အသေပစ်သတ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ စီစဉ်ခဲ့တယ်လို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၁၊ ၂၀၁၇ - မာဆေးလ်မြို့ရှိ ဘူတာရုံမှာ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဓားဖြင့်တိုက်ခိုက်သူကို ပြင်သစ်စစ်သားတွေက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD