AD
AD
AD

နီပေါနိုင်ငံမြို့တော် ခတ္တမန္တူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ် (ခတ္တမန္တူအပြည်ပြည်ဆိုင်ရာလေဆိပ်) မှာ ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူ ၄၉ ထက်မနည်း သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း US-Bangla မှ ခရီးသည်တင်လေယာဉ်ဟာ ခတ္တမန္တူလေဆိပ်မှာ ယနေ့ (မတ်လ ၁၂ ရက်) မွန်းလွဲပိုင်းက ဆင်းသက်စဉ် ပြေးလမ်းချော်ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၆၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာကြောင်း သိရပါတယ်။

play


လေယာဉ်ပျက်ကျမှုအတွင်း လူ ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအရ လေဆိပ်ပြေးလမ်းမှ မီးခိုးများထွက်နေမှုနဲ့ လေယာဉ်မီးလောင်နေမှုကို တွေ့ရပါတယ်။

"ကျွန်တော်တို့ သေဆုံးသူအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို လေယာဉ်အပျက်အစီးတွေထဲက ဆွဲထုတ်ယူနိုင်ခဲ့ပါတယ်" လို့ နီပေါအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Narayan Prasad Duwadi က AFP သတင်းဌာနကို ပြောပါတယ်။

play


လေယာဉ်ပျက်ကျမှု ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီခဲ့တဲ့ နီပေါစစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ လူ ၅၀ ဦးထက်နည်း သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနကို ပြောခဲ့ကြောင်း သိရပါတယ်။

ပြေးလမ်းချော်ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ဟာ S2-AGU လေကြောင်းခရီးစဉ်ပျံသန်းလာတဲ့ Bombardier Dash 8 Q400 အမျိုးအစား လေယာဉ်ဖြစ်ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ လေကြောင်းခရီးစဉ်နဲ့ လေယာဉ်အမျိုးအစားကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ လေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှ BS211 လေကြောင်းခရီးစဉ် ပျံသန်းလာခဲ့တယ်လို့ သိရပါတယ်။

play

 
ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ခတ္တမန္တူအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှာ ဆင်းသက်ခဲ့ကြောင်း လေယာဉ်ပျံသန်းမှုစောင့်ကြည့်ဝက်ဘ်ဆိုက် FlightRadar24 က ဖော်ပြထားပါတယ်။ လေယာဉ် ပြေးလမ်းချော်ပျက်ကျမှုဖြစ်ပြီးနောက် ခတ္တမန္တူလေဆိပ်မှ ထွက်ခွာနဲ့ပျံသန်း လေကြောင်းခရီးစဉ်တွေ အားလုံးကို ဖျက်သိမ်းထားကြောင်း သိရပါတယ်။

၁၉၉၂ ခုနှစ်က ဘန်ကောက်မြို့မှ ပျံသန်းလာတဲ့ ထိုင်းလေကြောင်းလိုင်း (Thai Airways) မှ ခရီးသည်တင်လေယာဉ်တစ်စီး ခတ္တမန္တူလေဆိပ်မှာ ဆင်းသက်စဉ် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD