AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုနှစ်ခုက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုနဲ့ ဆက်နွယ်နေပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံကြောင်း သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

play
အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့ဝင်များ


ယနေ့ (မေလ ၁၅ ရက်) ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က အဆိုပါ သံသယရှိသူ နေထိုင်ရာနေအိမ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ ပြုလုပ်ခဲ့တဲ့ စီးနင်းမှုများအတွင်းအတွင်း စစ်သွေးကြွတစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ အခြား ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့သူဟာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံအားပေးတဲ့ အင်ဒိုနီးရှားအခြေစိုက် Jamaah Ansharut Daulah (JAD) အုပ်စုမှဟုတ် မဟုတ် မေးမြန်းခဲ့ရာမှာ ရဲတပ်ဖွဲ့မှ ဗိုလ်မှူးချုပ်ပက်ထရပ်စ်က ဟုတ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ၎င်းက နောက်ထပ် အသေးစိတ်ကိုတော့ သတင်းထောက်တွေကို ပြောကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

play
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေအိမ်အနီး တွေ့ရသည့် ဒေသခံများ


ဆူရာဘာယာမြို့မှာ မိသားစုတစ်ခုက ခရစ်ယာန်ဘုရားကျောင်းသုံးခုမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းများ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်တစ်ရက် မေလ ၁၄ ရက်မှာလည်း မိသားစုဝင်ငါးဦး ပါဝင်တဲ့ မိသားစုတစ်ခုက ဆူရာဘာယာမြို့ ရဲတပ်ဖွဲ့ဌာနချုပ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဌာနချုပ်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးပေါက်ကွဲမှုအတွင်း အသေခံဗုံးခွဲတဲ့ မိသားစုမှ မိသားစုဝင်လေးဦးနဲ့ အခြား လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ အသေခံဗုံးခွဲတဲ့ မိသားစုမှ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

play
အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့ဝင်များ


အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဂျကာတာမြို့စွန်ရှိ လုံခြုံရေးတင်းကျပ်တဲ့ အကျဉ်းထောင်တစ်ခုမှာ အစ္စလာမ်မစ် စစ်သွေးကြွအကျဉ်းသားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ထောင်အတွင်း ဓားစာခံအဖြစ် ဖမ်းဆီးထားမှုဖြစ်ခဲ့ပါတယ်။ ၃၆ နာရီကြာခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း စစ်သွေးကြွတွေက အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်ငါးဦးကို သတ်ခဲ့ကြောင်း သိရပါတယ်။

ခရစ်ယာန်ဘုရားကျောင်းများကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု

မေလ ၁၃ ရက်က အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ မိသားစုတစ်ခုမှ မိသားစုဝင်ခြောက်ဦးက ခရစ်ယာန်ဘုရားကျောင်းသုံးခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အသေခံဗုံးခွဲခဲ့တဲ့ မိသားစုဟာ မိခင်၊ ဖခင်၊ အသက်ကိုးနှစ်နဲ့ ၁၂ နှစ်အရွယ် သမီးနှစ်ဦး၊ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်အရွယ် သားနှစ်ဦးတို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမီဒီယာတွေရဲ့ ဖော်ပြမှုအရ အဆိုပါ မိသားစုဟာ ဆီးရီးယားနိုင်ငံမှ ပြန်လာခဲ့ကြဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ရာနဲ့ချီတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ လတ်တလော နှစ်များအတွင်း ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်အဖွဲ့ထံ ဝင်ရောက်ခဲ့ကြပါတယ်။

play
အသေခံဗုံးခွဲခဲ့သည့် မိသားစု၏ ယခင် ဓာတ်ပုံတစ်ပုံ


ခရစ်ယာန်ဘုရားကျောင်းတွေကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာ မိခင်ဖြစ်သူ ပူဂျီကူစဝပ်တီနဲ့ သမီးနှစ်ဦးက Kristen Indonesia Diponegoro ဘုရားကျောင်းမှာလည်းကောင်း၊ ဖခင်ဖြစ်သူ ဒီတာပရီယန်တိုက Surabaya Centre Pentecostal ဘုရားကျောင်းမှာလည်းကောင်း၊ သားနှစ်ဦးက မော်တော်ဆိုင်ကယ်များစီးပြီး Santa Maria ဘုရားကျောင်းမှာလည်းကောင်း အသီးသီး အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ကြကြောင်း အင်ဒိုရဲတပ်ဖွဲ့ အကြီးအကဲ ကာနာဗီယန်က ပြောပါတယ်။

play
ဆူရာဘာယာမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းမှာ အသေခံဗုံးပေါက်ကွဲခဲ့မှု


"အားလုံးက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေပါပဲ။ ဒါပေမဲ့ အသုံးပြုတဲ့ ဗုံးအမျိုးအစားတွေတော့ မတူပါဘူး" လို့ ၎င်းက ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုသုံးခုတွေဟာ ၁၀ မိနစ်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းနဲ့ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့ မိသားစုနဲ့ဆက်နွယ်နေပြီး အိုင်အက်စ်ကိုထောက်ခံတဲ့ JAD အုပ်စုကို ထောင်ကျနေသူ အစွန်းရောက် အေမန်အဗ္ဗဒူလ်ရာဟ်မန်က ဦးဆောင်ခဲ့ပါတယ်။ ထိုအစွန်းရောက်အုပ်စုက ၂၀၁၆ ခုနှစ်က ဂျကာတာမြို့မှာ သေနတ်နဲ့ ဗုံးများသုံးပြီး အသေခံတိုက်ခိုက်မှု အပါအဝင် အင်ဒိုနီးရှားနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆူရာဘာယာမြို့ ရတပ်ဖွဲ့ဌာနချုပ် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရမှု

ဆူရာဘာယာမြို့မှာ ခရစ်ယာန်ဘုရားကျောင်းသုံးခုကို မိသားစုတစ်ခုက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၄ ရက်မှာလည်း ရဲတပ်ဖွဲ့ဌာနချုပ်ကို မိသားစုတစ်ခုကပင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိသားစုက မော်တော်ဆိုင်ကယ်နှစ်စီး အသုံးပြုပြီး ဆူရာဘာယာမြို့ ရဲတပ်ဖွဲ့ဌာနချုပ် ဂိတ်ပေါက်ဝမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Postby

အသေခံဗုံးခွဲသူ မိသားစုဝင်လေးဦးနဲ့ အခြားလူနှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ဆိုင်ကယ်တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ အဆိုပါ မိသားစုမှ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုအတွင်း လူ ၁၀ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဆူရာဘာယာမြို့အနီး တိုက်ခန်းတစ်ခန်းမှာ ဗုံးပေါက်ကွဲမှု

ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာလည်း ဆူရာဘာယာမြို့နဲ့ ၁၉ မိုင်နီးပါးအကွာရှိ တိုက်ခန်းတစ်ခန်းမှာ နောက်ထပ် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ မိသားစုတစ်ခုမှ လူသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါတိုက်ခန်းရှိ မိသားစုမှ မိခင်နဲ့ သားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲရန် သယ်ဆောင်လာတဲ့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း အခြား ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ တိုက်ခန်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD