AD
AD
AD

ဟွန်ဒူးရပ်စ်နိုင်ငံ Tegucigalpa မြို့မှာ လေယာဉ်တစ်စီး ဆင်းသက်နေစဉ် ပျက်ကျခဲ့ပြီး ထက်ပိုင်းကျိုးသွားခဲ့မှုအတွင်း အမေရိကန်နိုင်ငံသား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

play


အင်္ဂါနေ့ (မေလ ၂၂ ရက်) မနက်ပိုင်းက Gulfstream G200 စင်းလုံးငှားလေယာဉ်ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှ ပျံသန်းလာခဲ့ပြီး ဟွန်ဒူးရပ်စ်မြို့တော် Tegucigalpa ရှိ Toncontin အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ခဲ့စဉ် ပြေးလမ်းချော်ပျက်ကျကာ လေယာဉ်ကိုယ်ထည် ထက်ပိုင်းကျိုးသွားခဲ့ကြောင်း သိရပါတယ်။

play


လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အွန်လိုင်းမှာလွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုအရ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက လေယာဉ်အပျက်အစီးထဲမှ လူတွေကိုသယ်ထုတ်နေပြီး အခြားလူတွေက လက်ကိုင်မီးသတ်ဆေးဘူးများဖြင့် လေယာဉ်ကိုပက်ဖြန်းနေတာ တွေ့ရပါတယ်။

play


ထို့နောက် မီးသတ်သမားများ လေယာဉ်ပျက်ကျရာနေရာသို့ ရောက်ရှိလာခဲ့ပြီး အပျက်အစီးတွေကို မီးသတ်ဆေးအမြှုပ်များဖြင့် ပက်ဖြန်းခဲ့ကြပါတယ်။ ပျက်ကျခဲ့တဲ့ စင်းလုံးငှားလေယာဉ်ဟာ အမေရိကန်နိုင်ငံ အူတားပြည်နယ် North Salt Lake အခြေစိုက် TVPX Aircraft Solutions Inc က ပိုင်ဆိုင်တဲ့ လေယာဉ်ဖြစ်ကြောင်း Federal Aviation Administration ရဲ့ မှတ်တမ်းအရ သိရပါတယ်။

play


ပျက်ကျခဲ့တဲ့လေယာဉ်မှ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦးကို အပြင်ဘက်သို့ ကူညီခေါ်ဆောင်ပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ၎င်းတို့အားလုံး အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့လည်း ၎င်းက ဆိုပါတယ်။

"လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေက လေယာဉ်ရဲ့အရှေ့ပိုင်း ထိုင်ခုံတွေမှာထိုင်ခဲ့ကြပြီး လုံခြုံရေးခါးပတ်တွေလည်း ပတ်ထားခဲ့တာကြောင့် သေဆုံးမှုမရှိခဲ့တာ ဖြစ်ပါတယ်" လို့ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူ Andrew Charlton အန်ဒရူးချာလ်တန်က BBC သတင်းဌာနကို ရှင်းပြပါတယ်။

play


ယခု လေယာဉ်ပျက်မှုကို အသေးစိတ် စစ်ဆေးသွားပြီး နောက်ထပ် အလားတူဖြစ်ရပ်မျိုး မဖြစ်စေရေး ကာကွယ်နိုင်ရန် လုပ်ဆောင်သွားမယ်လို့ ၎င်းကပြောပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း အယ်လ်ဆာဗေဒိုနိုင်ငံ အခြေစိုက် TACA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ယခု နေရာအနီးမှာပင် ပျက်ကျခဲ့ဖူးပြီး လူငါးဦး သေဆုံးခဲ့ပါတယ်။

play


လေယာဉ်ပျက်ကျမှုဖြစ်ခဲ့တဲ့ Toncontin လေဆိပ်ဟာ တောင်တန်းများပတ်လည်ဝိုင်းနေပြီး လေယာဉ်ပြေးလမ်း အလွန်တိုကြောင်းလည်း သိရပါတယ်။ Toncontin လေဆိပ်မှာ လေယာဉ်များအတွက် အန္တရာယ်အရှိဆုံး လေဆိပ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဟွန်ဒူးရပ်အစိုးရက Tegucigalpa မြို့တော်နဲ့ ၃၁ မိုင်အကွာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကို တည်ဆောက်နေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD