AD
AD
AD

တရုတ်အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်မှာ သင်္ဘောချင်းတိုက်မိပြီးနောက် မီးလောင်မှုဖြစ်နေတဲ့ အီရန် ရေနံတင်သင်္ဘောမှ သင်္ဘောသားနှစ်ဦးရုပ်အလောင်းနဲ့ သင်္ဘောခုတ်မောင်းမှု မှတ်တမ်းတင်ကိရိယာတို့ကို တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၃ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

play


စန်ချီ (Sanchi) အမည်ရှိ ရေနံတင်သင်္ဘောဟာ အီရန်ကနေ တောင်ကိုရီးယားသို့ ခုတ်မောင်းလာစဉ် ဇန်နဝါရီ ၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်က ကုန်တင်သင်္ဘောတစ်စီးနဲ့ တိုက်မိပြီးနောက် မီးလောင်မှုဖြစ်ပွားနေခဲ့ပါတယ်။

စန်ချီသင်္ဘောပေါ်မှာ ရေနံတန်ချိန် ၁၃၆,၀၀၀ တင်ဆောင်လာခဲ့ကြောင်းနဲ့ မီးလောင်နေမှုဟာ လနဲ့ချီ ကြာမြင့်နိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

သင်္ဘောချင်းတိုက်မိခဲ့ပြီးနောက် ရေနံတင်သင်္ဘောမှ အီရန်သင်္ဘောသား ၃၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် သင်္ဘေားနှစ်ဦးတို့ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

play


အီရန်နိုင်ငံ Glory သင်္ဘောလိုင်းမှ ရေနံတင်သင်္ဘောဟာ ဟောင်ကောင် ကုန်တင်သင်္ဘော CF Crystal နဲ့ ရှန်ဟိုင်းမြို့အရှေ့ဘက် ရေမိုင် ၁၆၀ အကွာမှာ သင်္ဘောချင်းတိုက်မိခဲ့ကြောင်း တရုတ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးက ကရိန်းအကူအညီဖြင့် မျက်နှာဖုံးနဲ့ အောက်စီဂျင်ဘူးများတပ်ဆင်ပြီး ရေနံတင်သင်္ဘောရဲ့ အနောက်ဘက်ပိုင်းကို သွားရောက်ရှာဖွေခဲ့ရာမှာ အသက်ကယ်လှေအတွင်း သင်္ဘောသားအလောင်းနှစ်လောင်းကို တွေ့ခဲ့ရတယ်လို့ တရုတ် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

play


ထို့နောက် ကယ်ဆယ်ရေးသမားတွေက သင်္ဘောခုတ်မောင်းမှု မှတ်တမ်းတင်ကိရိယာကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဘောခုတ်မောင်းမှု မှတ်တမ်းတင်ကိရိယာကို တွေ့ရှိပြီးနောက် သင်္ဘောသားများ စုဝေးနေထိုင်လေ့ရှိတဲ့ ဧည့်ခန်းကဲ့သို့နေရာကို ဆက်လက် သွားရောက်ရန်ကြိုးပမ်းခဲ့ကြပေမဲ့ ၈၉ ဒီဂရီဆဲလ်စီးယပ်ခန့်ရှိနေတဲ့ မီးအပူရှိန်ကြောင့် သွားရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

play


ရေနံတင်သင်္ဘောမှ ဖြစ်နိုင်ဖွယ်ရှိတဲ့ သင်္ဘောသားတစ်ဦးရဲ့အလောင်းကို တနင်္လာနေ့ (ဇန်နဝါရီ ၈ ရက်) မှာ ရှာဖွေတွေ့ခဲ့ပြီး အတည်ပြုနိုင်ရန် ရှန်ဟိုင်းသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရေနံတင်သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ ကုန်တင်သင်္ဘောမှာ ဟောင်ကောင်အလံ လွှင့်ထူထားတဲ့ CF Crystal အမည်ရှိ သင်္ဘောဖြစ်ပြီး ဂျုံတန်ချိန် ၆၄,၀၀၀ တင်ဆောင်လာခဲ့ပြီး အဆိုပါသင်္ဘောမှ တရုတ်သင်္ဘောသား ၂၁ ဦးကို ကယ်တင်နိုငခဲံကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD