AD
AD
AD

အိန္ဒိယနိုင်ငံမှာ ခရီးသည် ၁,၀၀၀ ကျော် လိုက်ပါလာတဲ့ ရထားတစ်စင်းရဲ့ စက်ခေါင်းတွဲနဲ့ လူစီးတွဲများ ပြုတ်ထွက်သွားပြီးနောက် ခရီးသည်တွေ လိုက်ပါလာတဲ့ ရထားတွဲ ၂၂ တွဲဟာ နောက်ဘက်ကို အရှိန်ဖြင့်ပြန်လိမ့်သွားခဲ့ရာ မိုင်နဲ့ချီ အကွာအဝေးအထိ ရောက်သွားခဲ့ကြောင်း သိရပါတယ်။

play
အိန္ဒိယမှ ရထားစီး ခရီးသည်များ


ယမန်နေ့ (ဧပြီ ၈ ရက်) က အိန္ဒိယအရှေ့ပိုင်း Odisha ပြည်နယ်မှာ ရထားစက်ခေါင်းတွဲနဲ့ လူစီးတွဲများ ပြုတ်ထွက်သွားခဲ့ကာ လူစီးတွဲ ၂၂ တွဲက နောက်ဘက်ကို ၇ မိုင်ခွဲခန့် အကွာအဝေးအထိ ပြန်လိမ့်သွားခဲ့ပါတယ်။ ထို့နောက် ရထားဝန်ထမ်းတွေက ရထားလမ်းပေါ်မှာ ကျောက်တုံးများဖြင့် ပိတ်ဆို့ဟန့်တားခဲ့မှုကြောင့် ရထားတွဲများ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်အတွင်း ခရီးသည် ၁,၀၀၀ အနက် မည်သူမျှ ဒဏ်ရာမရခဲ့ဘူးလို့ ရထားဝန်ကြီးဌာန အရှေ့ပိုင်းဒေသ ဌာနခွဲမှ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ သို့သော် လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့တဲ့ ရထားသံလမ်းဝန်ထမ်း ခုနစ်ဦးကို တာဝန်မှဆိုင်းငံ့ထားပြီး စက်ခေါင်းတွဲနဲ့ လူစီးတွဲများ မည်သို့ ပြုတ်ထွက်သွားရကြောင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။


အဆိုပါ လူစီးရထားဟာ အိန္ဒိယအနောက်ပိုင်း Gujarat ပြည်နယ်မှ Odisha ပြည်နယ်ကို ခုတ်မောင်းသွားနေစဉ် မတော်တဆမှု ဖြစ်ခဲ့တယ်လို့ အိန္ဒိယအရှေ့ပိုင်း ရထားဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် JP Mishra က ပြောခဲ့ပါတယ်။

"ဒီဖြစ်ရပ်က ကြောက်စရာကောင်းတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်၊ ရထားသံလမ်းဝန်ထမ်းတွေကြောင့် ဆိုးဆိုးရွားရွား မဖြစ်ခဲ့တာပါ၊ ရထားလုံခြုံစိတ်ချရမှုကို မထိခိုက်ခဲ့ပါဘူး" လို့ Mishra က AFP သတင်းဌာနကို ပြောပါတယ်။ ယခုဖြစ်ရပ်ကို ကြားသိရတဲ့ ရထားဝန်ထမ်းဌာနမှ ဝန်ထမ်းအားလုံးဟာ အံ့အားသင့် တုန်လှုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားပြီး ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တဲ့ မှတ်တမ်းဗီဒီယိုအရ ရထားတွဲတွေဟာ နောက်ဘက်ကို အရှိန်ဖြင့်ပြန်လိမ့်သွားခဲ့ရာ ရထားလမ်းဘေးမှာ ရှိနေသူတွေက ကြောက်လန့်တကြား အော်ဟစ်ခဲ့ကြပြီး ရထားရဲ့အရေးပေါ်ဘရိတ်ကိုဆွဲကြရန် ခရီးသည်တွေကို အော်ဟစ်ပြောခဲ့ကြတာ တွေ့ရပါတယ်။

play
အိန္ဒိယမှ ရထားစီး ခရီးသည်များ


အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ နေ့စဉ် ရထားအစင်းရေ ၉,၀၀၀ ဖြင့် ခရီးသည်ပေါင်း ၂၂ သန်း သွားလာနေကြပြီး ရထားမတော်တဆမှုတွေလည်း ဖြစ်လေ့ရှိပါတယ်။ ယမန်နှစ် နိုဝင်ဘာလအတွင်း ၁၃ တွဲပါဝင်တဲ့ အမြန်ရထားတစ်စင်း အိန္ဒိယမြောက်ပိုင်းမှာ လမ်းချော်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ပါတယ်။

ထိုဖြစ်ရပ်မတိုင်မီ တစ်နှစ်ကလည်း အလားတူ ရထားမတော်တဆမှုကြောင့် လူ ၁၄၆ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ အိန္ဒိယမှာ ရထားသံလမ်းများပေါ် မတော်တဆမှုတွေကြောင့် နှစ်စဉ် လူ ၁၅,၀၀၀ နီးပါးအထိ သေဆုံးနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD