AD
AD
AD

ကလေးငယ် ၄၁ ဦး အပါအဝင် လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုက်ဘေးရီးယားဒေသ ကီမီရိုဗိုမြို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ရုရှားအစိုးရတာဝန်ရှိသူတွေကို ဒေါသတကြီး ဆန္ဒပြခဲ့ကြပါတယ်။

play
ကီမီရိုဗိုမြို့မှာ ဆန္ဒပြမှုမြင်ကွင်း


ယနေ့ (မတ်လ ၂၇ ရက်) ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြမှုတွေမတိုင်မီ အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာနေရာကို လာရောက်ကြည့်ရှုခဲ့ပြီး မီးလောင်မှုဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။

Zimnyaya Vishnya ဈေးဝယ်စင်တာ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် ဝမ်နည်းပူဆွေးမှုနေ့အဖြစ် မတ်လ ၂၈ ရက်ကို သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

play
မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူတစ်ဦးကို သမ္မတပူတင် သွားရောက်ကြည့်ရှုစဉ်


ဆန္ဒပြသူတွေက ဒေသဆိုင်ရာ အစိုးရရုံးချုပ်အပြင်ဘက်ကို စုရုံးချီတက်ခဲ့ကြပြီး ဈေးဝယ်စင်တာ အဆောက်အအုံမှာ မီးဘေးအန္တရာယ် လုံခြုံစိတ်ချရမှု အားနည်းချက်တွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ နုတ်ထွက်ရမယ်လို့ ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေက သမ္မတပူတင် နုတ်ထွက်ရန်လည်း သံပြိုင်ကြွေးကြော်ခဲ့ကြကြောင်း သိရပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူအများအပြားက အာဏာပိုင်တွေကို မယုံကြည်ကြောင်းနဲ့ ၎င်းတို့ တရားဝင် ထုတ်ပြန်ထားတဲ့ သေဆုံးသူအရေအတွက်ဟာလည်း မှန်ကန်တယ်လို့ မယုံကြည်ကြောင်း ပြောကြပါတယ်။

play
ဈေးဝယ်စင်တာ အဆောက်အအုံ မီးလောင်နေမှု


Winter Cherry အဆောက်အအုံရှိ ဈေးဝယ်စင်တာ မီးလောင်မှုအတွင်း သေဆုံးခဲ့သူ ၆၄ ဦးနက် ၂၁ ဦးကို မည်သူဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူ ၃၈ ဦးရှိကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဆွေမျိုးသားချင်းတွေကတော့ ၆၇ ဦး ပျောက်ဆုံးနေတယ်လို့ ပြောခဲ့ကြပါတယ်။

play
အဆောက်အအုံရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲကို ဖမ်းဆီးထားစဉ်


ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားစဉ် မီးအန္တရာယ်သတိပေးမှု မရှိခဲ့ကြောင်းနဲ့ အဆောက်အအုံရဲ့ ထွက်ပေါက်တွေကို ပိတ်ထားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေနဲ့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။ ဆိုက်ဘေးရီးယားဒေသ ကီမိုရိုဗိုမြို့ရှိ ဈေးဝယ်စင်တာမှာ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာကို ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံထဲမှာ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ ရေနွေးချိုးခန်းတစ်ခု၊ ဘိုလင်းပစ်ကစားကွင်းနဲ့ ကလေးများအတွက် တိရိစ္ဆာန်ရုံတစ်ခု ပါဝင်ကြောင်း သိရပါတယ်။

play
ဈေးဝယ်စင်တာ မန်နေဂျာကို ဖမ်းဆီးခဲ့စဉ်


မီးလောင်မှုဖြစ်ခဲ့စဉ်မှာ ဈေးဝယ်စင်တာရှိ ဘိုးလင်းပစ်ကစားကွင်းနဲ့ ရုပ်ရှင်ရုံတို့မှာ လူအများအပြား ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကီမိုရိုဗိုဒေသဟာ မော်စကိုမြို့အရှေ့ဘက် မိုင် ၂,၂၀၀ ခန့်မှာ တည်ရှိပြီး ကျောက်မီးသွေးထုတ်လုပ်တဲ့ အဓိက ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဈးဝယ်စင်တာ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဝန်ထမ်းနှစ်ဦး၊ Winter Cherry အဆောက်အအုံရဲ့ နည်းပညာဆိုင်ရာတာဝန်ရှိသူနဲ့ မီးလောင်မှုစတင်ခဲ့တဲ့နေရာမှ လုပ်ငန်းမန်နေဂျာတို့ အပါအဝင် လူဆယ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD