AD
AD
AD

ဗြိတိန်မှာ ရုရှားသူလျှိုဟောင်းတစ်ဦး အဆိပ်ခတ်ခံမှုနဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူဆောင်ရွက်မှုကို လက်တုံ့ပြန်မှုအဖြစ် ရုရှားအစိုးရကလည်း အမေရိကန်သံတမန် ၆၀ ကို နိုင်ငံမှနှင်ထုတ်လိုက်ပြီး စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

play
စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး


အမေရိကန်သံတမန်တွေကို နှင်ထုတ်ပြီး ကောင်စစ်ဝန်ရုံး ပိတ်ပင်လိုက်ကြောင်းကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗ်ရော့ဗ်က ကြေညာခဲ့ပါတယ်။

ရုရှားသူလျှိုဟောင်း အဆိပ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုအဖြစ် အစောပိုင်းမှာ အမေရိကန်အစိုးရက ရုရှားသံတမန် ၆၀ ကို နှင်ထုတ်ပြီး ဆီယက်တဲလ်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ခဲ့ပါတယ်။

အမေရိကန်အစိုးရက ဝါရှင်တန်ရှိ ရုရှားသံရုံးမှ သံတမန် ၄၈ ဦးနဲ့ နယူးယော့ခ်ရှိ ကုလသမဂ္ဂရုံးချုပ်မှ ရုရှားသံတမန် ၁၂ ဦးတို့ကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ ရုရှားအစိုးရက ထိုစဉ်ကတည်းကပင် အမေရိကန်သံတမန် အလားတူ အရေအတွက်ကို နိုင်ငံမှနှင်ထုတ်သွားမယ်လို့ ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။

play
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗ်ရော့ဗ်


ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူကို ဗြိတိန်နိုင်ငံအတွင်း အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်အစိုးရက ထိုလုပ်ရပ်ရဲ့ဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်က အဆိုပါဖြစ်ရပ်အပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ရုရှားသံတမန် ၂၃ ဦးကို နိုင်ငံမှ နှင်ထုတ်ခဲ့ရာ ရုရှားကလည်း အလားတူ အရေအတွက်ရှိ ဗြိတိန်သံတမန်တွေကို ပြန်လည်နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။

play
ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ထရန့်


ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ရန် ကြိုးပမ်းမှုဖြစ်ရပ်ကို တုံ့ပြန်မှုနဲ့ ဗြိတိန်နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် အပါအဝင် နိုင်ငံ ၂၀ ကျော်က ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ ဆာလစ်ဘာရီမြို့မှာ နေထိုင်ကြတဲ့ ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ သမီးတို့ဟာ မတ်လ ၄ ရက်မှာ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဈေးဝယ်စင်တာအနီး ခုံတန်းလျားမှာ သတိမေ့မြောလျက် တွေ့ခဲ့ရပါတယ်။

play
အဆိပ်တွေ့ရသည့် နေအိမ်တံခါးတဝိုက်ကို အကာအကွယ် ပြုလုပ်ထားစဉ်


လက်ရှိမှာ​ ၎င်းတို့နှစ်ဦးကို ဆေးရုံတင်ထားရဆဲဖြစ်ပြီး သမီးဖြစ်သူက ပြန်လည်နာလန်ထူစပြုလာနေပြီ ဖြစ်ပေမဲ့ ဆာဂီစကရီပါးလ်ကတော့ ထူးခြားမှုမရှိသေးပါဘူး။

ယခုနောက်ဆုံး သိရှိရတဲ့ စစ်ဆေးမှုတွေအရ ဆာဂီစကရီပါလ်းနေအိမ်ရဲ့ အိမ်ရှေ့တံခါးမှာ ဓာတုအဆိပ်ကို တွေ့ရှိခဲ့ရကြောင်းနဲ့ ၎င်းတို့နှစ်ဦးဟာ နေအိမ်မှာကတည်းက အဆိပ်မိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရုရှားသူလျှိုဟောင်းနဲ့သမီး အဆိပ်ခတ်ခံရမှု

အသက် ၆၆ နှစ်အရွယ် ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူ ယူလီယာတို့ကို တနင်္ဂနွေနေ့ (မတ်လ ၄ ရက်) မွန်းလွဲပိုင်းမှာ ဆာလစ်ဘာမြို့ရှိ Maltings ဈေးဝယ်စင်တာအပြင်ဘက် ခုံတန်းလျားတစ်ခုမှာ သတိမေ့မြောနေတာ တွေ့ခဲ့ရပါတယ်။

play
ဆာဂီစကရီပါးလ်နှင့် သမီးဖြစ်သူ ယူလီယာ


"ဆာဂီနဲ့ သူ့ရဲသမီး ယူလီယာတို့ကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်သုံးပြီး တိုက်ခိုက်မှုလုပ်ရပ်အတွက် ရုရှားမှာတာဝန်ရှိတာ အများကြီးဖြစ်နိုင်ပါတယ်" လို့ ထရီဆာမေက ဗြိတိန်လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူတို့ကို သတ်ရန်ကြိုးပမ်းရမှာ အသုံးပြုခဲ့တဲ့ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်ဟာ စစ်ဘက်သုံးအဆင့်ဖြစ်ပြီး ရုရှားမှာ ထုပ်လုပ်ခဲ့တာဖြစ်ကြောင်းလည်း ထရီဆာမေက လွှတ်တော်မှာ ပြောပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ


ဆာလစ်ဘာရီမြို့မှာ ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူတို့ကို အဆိပ်သုံးပြီးသတ်ရန် လုပ်ဆောင်မှုကို ရုရှားက နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့တဲ့ ဖြစ်နိုင်ခြေများကြောင်း ဗြိတိန်အစိုးရအနေနဲ့ ကောက်ချက်ချခဲ့တယ်လို့ ထရီဆာမေက ဆိုပါတယ်။

ဗြိတိန်ထောက်လှမ်းရေးအတွက်လည်း အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ဟာ အာရုံကြောပျက်စီးစေတဲ့ Novichok အမည်ရှိ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။

ဆာဂီစကရီပါးလ် (Sergei Skripal)

- လန်ဒန်မြို့အနောက်ဘက် မိုင် ၉၀ အကွာမှာ တည်ရှိတဲ့ ဆာလစ်ဘာရီမြို့မှာ မထင်မရှားဖြင့် ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။

- ဗိုလ်မှူးကြီး ဆာဂီစကရီပါးလ်ဟာ ရုရှားစစ်တပ်ထောက်လှမ်းရေးအရာရှိ ဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့မှုဖြင့် ၂၀၀၆ ခုနှစ်အတွင်း ရုရှားအစိုးရက ၎င်းကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။

play
ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်


- ဆာဂီစကရီပါးလ်က ဥရောပမှာ အသွင်ယူထောက်လှမ်းရေး လုပ်ဆောင်နေတဲ့ ရုရှားသူလျှိုတွေရဲ့ အချက်အလက်တွေကို ဗြိတိန်ထောက်လှမ်းရေး MI6 ထံ ပေးအပ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

- ၂၀၁၀ ခုနှစ် ဇူလိုင်လမှာ အမေရိကန် FBI က ဖမ်းဆီးထားတဲ့ ရုရှားသူလျှို ၁၀ ဦးနဲ့ ရုရှားဘက်မှာ ဖမ်းဆီးထားတဲ့ သူလျှိုလေးဦးတို့ကို လဲလှယ်ခဲ့ရာမှာ ဆာဂီစကရီပါးလ်လည်း ပါဝင်ခဲ့ပြီး ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

- ၂၀၁၀ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်မှာ စစ်အေးခေတ်ပုံစံ ဖမ်းဆီးခံ သူလျှိုများလဲလှယ်ခဲ့ပြီးနောက် ဆာဂီစကရီပါးလ်ဟာ လန်ဒန်အနောက်ပိုင်းရှိ ဆာလစ်ဘာရီမြို့မှာ မထင်မရှား နေထိုင်ခဲ့တာ ရှစ်နှစ်ကြာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ -

- ရုရှားသူလျှိုဟောင်း အဆိပ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်က ရုရှားသံတမန် ၆၀ ကို နှင်ထုတ်

ရုရှားသူလျှိုဟောင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်

ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ရန်လုပ်ဆောင်မှု ရုရှားလက်ချက် ဖြစ်နိုင်ခြေများဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

အင်္ဂလန်မှာ ရုရှားသူလျှိုဟောင်းကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်တစ်မျိုးသုံးပြီးသတ်ရန် ကြိုးပမ်းခဲ့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD