AD
AD
AD

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဒိုမိုဒီဒိုဗို (Demodedovo) လေဆိပ်ကနေ ထွက်ခွာပျံသန်းသွားတဲ့ လူ ၇၁ ဦးပါ ခရီးသည်တင်လေယာဉ်တစ်စီး ယနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) ပျက်ကျခဲ့ကြောင်း သိရပါတယ်။

play
ပျက်ကျခဲ့သည့် An-148 အမျိုးအစား လေယာဉ်တစ်စီးကို တွေ့ရစဉ်


Saratov လေကြောင်းလိုင်းမှ Antonov An-148 လေယာဉ်ဟာ မော်စကိုမြို့မှ ရုရှားနဲ့ ကာဇက်စတန် နယ်စပ်အနီး Ural တောင်တန်းဒေသရှိ Orsk မြို့ကို ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ရုရှားမီဒီယာကို ပြောပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၆၅ ဦးနဲ့ လေယာဉ်မှူးများ အပါအဝင် လေယာဉ်အမှုထမ်းခြောက်ဦး လိုက်ပါသွားခဲ့တယ်လို့ ရုရှားသတင်းဌာန RT က ဖော်ပြထားပါတယ်။

play
ပျက်ကျခဲ့သည့်နေရာမှာ လေယာဉ်အပျက်အစီးကို တွေ့ရစဉ်


ခရီးသည်တင်လေယာဉ်ဟာ လေဆိပ်မှထွက်ခွာပျံသန်းပြီးနောက် ၁၀ မိနစ်မပြည်မီ လေထုထဲမှာ ပေါက်ကွဲသွားခဲ့ကြောင်း ဗြိတိန် Daily Mail သတင်းကဆိုပါတယ်။ An-148 ခရီးသည်တင်လေယာဉ်ဟာ မော်စကိုမြို့ အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာရှိ Argunovo မြို့ငယ်အနီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားမှုအရ An-148 လေယာဉ်ဟာ လေဆိပ်မှတက်သွားပြီးနောက် တစ်မိနစ်လျှင် ပေ ၃,၃၀၀ နှုန်းဖြင့် နိမ်ဆင်းလာခဲ့ကြောင်း သိရပါတယ်။

play
ပျက်ကျခဲ့သည့်နေရာမှာ တွေ့ရသည့် လေယာဉ်အပျက်အစီး


ရုရှား အရေးပေါ်ဌာနက လေယာဉ်ပျက်မှုအတွင်း အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း Interfax သတင်းဌာနကို ပြောခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့ဒေသမှ မျက်မြင်တွေ့ရှိသူတွေက မီးစွဲလောင်နေတဲ့လေယာဉ် ထိုးကျလာတာကို မြင်ခဲ့ရပြီး အပျက်အစီးမှာ မြေပြင်မှာပြန့်ကျဲသွားကြောင်း ပြောပါတယ်။

play
Flightradar24 က ဖော်ပြထားမှု


လေယာဉ်ပျက်ကျရာနေရာကို ရောက်ရှိခဲ့တဲ့ သတင်းရင်းမြစ်တစ်ခုက လေယာဉ်အပျက်အစီးတွေကို တွေ့ရှိရကြောင်းနဲ့ အသက်ရှင်သူမရှိကြောင်း TASS သတင်းဌာနကို ပြောခဲ့ပါတယ်။ ရုရှားအစိုးက ယခု လေယာဉ်ပျက်ကျမှု အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးနေပြီလို့ သိရပါတယ်။

play
Demodedovo လေဆိပ်

လတ်တလောနှစ်များအတွင်း ရုရှားလေယာဉ်ပျက်ကျမှုကြီးနှစ်ခု

- ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က Tu-154 ရုရှားစစ်ဘက်လေယာဉ်တစ်စီး ပင်လယ်နက်အတွင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၉၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ထိုလေယာဉ်ပျက်မှုဟာ လေယာဉ်မှူးအမှားကြောင့် ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေက သုံးသပ်ခဲ့ပါတယ်။

- ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က Airbus A321 ရုရှားလေယာဉ်တစ်စီး အီဂျစ်နိုင်ငံ စီနိုင်းဒေသမှာ ပျက်ကျခဲ့မှုကြောင့် လိုက်ပါသွားသူ ၂၂၄ ဦးလုံး သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက အဆိုပါလေယာဉ်ပေါ်မှာ ဗုံးထောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

Saratov လေကြောင်းလိုင်း

Saratov လေကြောင်းလိုင်းဟာ ရုရှားမြို့တော် မော်စကို အရှေ့တောင်ဘက် ၅၂၁ မိုင်အကွာရှိ Saratov မြို့မှာ အခြေစိုက်ထားပါတယ်။

play


၂၀၁၅ ခုနှစ်မှာ Saratov လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို ရှောင်တခင် စစ်ဆေးခဲ့ရာမှာ လေယာဉ်မှူးအခန်းအတွင်း လေယာဉ်အမှုထမ်းမဟုတ်သူကို တွေ့ရှိခဲ့ရတာကြောင့် နိုင်ငံတကာခရီးစဉ်များ ပျံသန်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

ထို့နောက် လေကြောင်းလိုင်းက ပိတ်ပင်မှုကို အယူခံဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာခရီးစဉ်တွေ ပျံသန်းခွင့်ပြန်ရခဲ့ပါတယ်။ Saratov လေကြောင်းလိုင်းဟာ အဓိကအားဖြင့် ရုရှားမြို့ကြီးများကြား လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး အာမေးနီးယားနဲ့ ဂျောဂျီယာနိုင်ငံတို့ကိုလည်း ပျံသန်းနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD