AD
AD
AD

ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့ရှိ အထပ် ၂၆ ထပ်ပါ အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပြီးနောက် ပြိုကျခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

play


အထပ်မြင့် အဆောက်အအုံ မီးလောင်မှုကို မီးသတ်သမား ၁၅၀ ကျော်က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။ အဆောက်အအုံ မီးလောင်မှုဟာ ဂက်စ်ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်တဲ့ အဆောက်အအုံမှာ ကျူးကျော်နေထိုင်သူတွေ ရှိနေတာကြောင့် လူအများအပြား ပိတ်မိနေနိုင်မှုကို မီးသတ်သမားတွေက စိုးရိမ်နေပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးရဲ့ ပြောကြားမှုအရ အောက်ဘက်အထပ်တစ်ထပ်မှ မီးစတင်လောင်ခဲ့ပြီးနောက် အဆောက်အအုံတစ်ခုလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ ဆော်ပေါလိုမြို့ Largo do Paissandu ဒေသရှိ အထပ်မြင့် အဆောက်အအုံမှာ နေထိုင်သူတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ရဲတပ်ဖွဲ့က ဖယ်ရှားစေခဲ့ပါတယ်။

play


သို့သော် မိသားစု ၅၀ ခန့်က အဆိုပါ အဆောက်အအုံမှာ လာရောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မီးသတ်သမားတွေက မီးလောင်နေတဲ့ အဆောက်အအုံမှာရှိနေသူတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး နောက်ဆုံး အမျိုးသားတစ်ဦး ကျန်ရှိနေစဉ်မှာ အဆောက်အအုံ ပြိုကျသွားခဲ့ရာ အဆိုပါအမျိုးသား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆောက်အအုံ ပြိုကျမှုဟာ ဆူနာမီကဲ့သို့ဖြစ်ပြီး မည်သည့်ပစ္စည်းကိုမျှ ယူဆောင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးခဲ့ရကြောင်း လေးထပ်မှာနေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက Folha သတင်းစာကို ပြောပါတယ်။

Postby


အသက် ၃၁ နှစ်အရွယ် ဒေစီဆေးလ်ဗာ အမည်ရှိ အမျိုးသမီးကတော့ သူမနဲ့ ကလေးငါးဦးတို့ အိပ်ပျော်နေစဉ် အော်ဟစ်သံတွေကြောင့် လန့်နိုးလာခဲ့တယ်လို့ ဆိုပါတယ်။ "အဆောက်အအုံထဲက လူတွေက မီးလောင်နေပြီလို့ ကျွန်မကို ပြောကြတယ်၊ ဒါနဲ့ ကျွန်မလည်း ကလေးတွေကိုနှိုးပြီး ထွက်ပြေးခဲ့ရတယ်" လို့ သူမက ပြောပါတယ်။

play


မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံအနီးရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်သူတွေကိုလည်း ရွှေ့ပြောင်းစေခဲ့ပါတယ်။ မီးလောင်မှုဟာ ယနေ့ (မေလ ၁ ရက်) ဒေသစံတော်ချိန် မနက် ၁း၂၀ မှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ရာ မိနစ် ၉၀ အကြာမှာ အဆောက်အအုံ ပြိုကျသွားခဲ့ကြောင်း သိရပါတယ်။

play


မီးလောင်မှုဟာ လမ်းမတစ်ဘက်မှာရှိနေတဲ့ အခြား အထပ်မြင့် အဆောက်အအုံတစ်ခုကိုလည်း ကူးစက်သွားခဲ့ကြောင်း သိရပါတယ်။ သို့သော် မီးကူးစက်ခံရတဲ့ ဒုတိယအဆောက်အအုံမှာ ပြိုကျနိုင်တဲ့အန္တရာယ်မရှိကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။

မီးလောင်မှုဖြစ်ခဲ့တဲ့ ယခု အဆောက်အအုံဟာ ဘေးအန္တရာယ်ရှိနိုင်တာကြောင့် နေထိုင်ရန်မသင့်ကြောင်း ပြောထားခဲ့ပေမဲ့ အဆောက်အအုံမှာ နေထိုကြသူတွေက ရွှေ့ပြောင်းရန် ငြင်းဆန်ခဲ့ကြတယ်လို့ ဆော်ပေါလိုမြို့တော်ဝန် မာစီရို ဖရန်ကာက ပြောပါတယ်။

play


"ဒီလိုပုံစံ အဆောက်အအုံက လူနေထိုင်လို့ မရပါဘူး၊ ဒီမှာနေကြတာက ဒုက္ခရှာကြတာပါပဲ" လို့ မီးလောင်ပြင်နေရာကို လာရောက်ကြည့်ရှုစဉ် မြို့တော်ဝန်က ပြောခဲ့ပါတယ်။

အဆောက်အအုံမှာ နေထိုင်သူတွေက ပြုပြင်တိုးချဲ့ထားမှုတွေကြောင့် မီးလောင်မှုကို အလျင်အမြန် ကူးစက်လောင်ကျွမ်းစေခဲ့တယ်လို့ ဆော်ပေါလိုမီးသတ်တပ်ဖွဲ့မှ ဗိုလ်ကြီးမားကော့စ်ပါလမ်ဘိုက ဆိုပါတယ်။ ယနေ့ မီးလောင်မှုဖြစ်ခဲ့တဲ့ အဆောက်အအုံဟာ ယခင်က ရဲတပ်ဖွဲ့ဌာနချုပ်အဖြစ် အသုံးပြုခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD