AD
AD
AD

ဒေသတွင်းပြိုင်ဘက် အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်လာပါက ဆော်ဒီအာရေဗီးယားကလည်း အလားတူ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

play
ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ CBS ရုပ်သံအင်တာဗျူး


ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်းက အမေရိကန် ရုပ်မြင်သံကြားသတင်းဌာန CBS News နဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ၎င်းရဲ့နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်လိုခြင်းမရှိဘူးလို့ ဆိုပါတယ်။ သို့သော် အိမ်ရှေ့မင်းသားက "အီရန်ကသာ နျူကလီးယားဗုံးတစ်လုံး ပိုင်ဆိုင်သွားပြီဆိုရင် ကျွန်တော်တို့လည်း အလားတူပိုင်ဆိုင်နိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်မှာပဲ" လို့ ဖြည့်စွက်ပြောပါတယ်။

play
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်း


အီရန်နိုင်ငံက ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့နဲ့ သဘောတူညီချက်အရ ၎င်းရဲ့နျူကလီးယား အစီအစဉ်တွေကို ကန့်သတ်ထားခဲ့ပေမဲ့ ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါ သဘောတူညီချက်ကနေ နုတ်ထွက်သွားမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။

အီရန်နျူကလီးယားအရေး ၂၀၁၅ သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်သွားပါက အီရန်ရဲ့ နျူကလီးယား အစီအစဉ်ဟာလည်း အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဆော်ဒီနဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကာလရှည်ကြာ ပြိုင်ဘက်တွေအဖြစ် ရပ်တည်နေကြပါတယ်။

play
အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ


တစ်နိုင်ငံစီမှာလည်း မတူညီတဲ့ အစ္စလာမ်ဘာသာကွဲ ကိုးကွယ်မှုတွေ လွှမ်းမိုထားပါတယ်။ ဆော်ဒီဟာဆွန်နီမွတ်စလင်မ် နိုင်ငံဖြစ်ပြီး အီရန်ကတော့ ရှီအာမွတ်စလင်မ်နိုင်ငံ ဖြစ်ပါတယ်။ ဒေသတွင်း ပဋိပက္ခတွေမှာလည်း ၎င်းတို့နှစ်နိုင်ငံက မတူညီတဲ့အုပ်စုတွေကို အပြိုင်ကူညီထောက်ပံ့လေ့ရှိကြပါတယ်။

လတ်တလော နှစ်များအတွင်း ဆီးရီးယားနဲ့ ယီမင်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ၎င်းတို့နှစ်နိုင်ငံက အစိုးရဘက်နဲ့ သူပုန်အုပ်စုများဘက်မှ ပါဝင်တိုက်ခိုက်ပေးပြီး တင်းမာမှုများ မြင့်တက်နေပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်းကို CBS ရုပ်မြင်သံကြားရဲ့ မိနစ် ၆၀ အစီအစဉ် (60 Minutes) မှာ တွေ့ဆုံမေးမြန်းမှုအတွင်း အိမ်ရှေ့မင်းသားက နျူကလီးယားလက်နက်ကိစ္စကို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD