AD
AD
AD

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အကြွေးများစွာတင်ရှိနေတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ မန်အယ်လ်ဆာနီအာနဲ့ ၎င်းကုမ္ပဏီပိုင် မော်တော်ယာဉ်နဲ့ စက်ယန္တရားတွေကို လေလံတင်ရောင်းချတဲ့ ပထမဆုံးနေ့မှာ လူပေါင်းထောင်နဲ့ချီ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play
ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် မန်အယ်လ်ဆာနီအာ


အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က အကြွေးရှင်တွေကို ဆော်ဒီငွေ ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ) ပေးဆပ်ရမှာလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ်နဲ့ စက်ယန္တရားများ လေလံတင်မှုကို အစိုးရရဲ့ ကြီးကြပ်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင် အယ်လ်ဆာနီအာရဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်လုပ်ကိုင်နေတဲ့ ဆော်ဒီ အရှေ့ပိုင်းပြည်နယ်မှာ ပြုလုပ်နေပါတယ်။

ဆော်ဒီလုပ်ငန်းရှင်က အကြွေးပေးဆပ်ရမယ့် ကြွေးရှင်တွေအနက် လုပ်ခလစာမရရှိသေးတဲ့ ၎င်းရဲ့ဝန်ထမ်းများမှစပြီး ပြည်တွင်းနဲ့ နိုင်ငံတကာဘဏ်များအထိ ပါဝင်နေကြောင်းလည်း သိရပါတယ်။ ကြွေးရှင်တွေအနေနဲ့ ၎င်းတို့ရရှိမယ့် ငွေပမာဏရဲ့ အနည်းဆုံး တစ်စိတ်တစ်ပိုင်းကိုတော့ ရရှိကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

play


အကြွေးဝိုင်းနေတဲ့ ဆော်ဒီလုပ်ငန်းရှင်ဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့သေးကြောင်းလည်း သိရပါတယ်။

ယမန်နှစ်အတွင်းမှာတော့ ၂၀၀၉ ခုနှစ်မှာ ဆော်ဒီဘဏ္ဍာရေး အကြီးမားဆုံးကျဆင်မှု ဖြစ်ပွားခဲ့စဉ် ၎င်းရဲ့ Saad Group က အစိုးရကို ငွေပေးချေရန် ပျက်ကွက်ခဲ့မှုနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် အယ်လ်မန်ဆာနီအာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် အယ်လ်မန်ဆာနီအာရဲ့ ယခုကိစ္စဟာ ဆော်ဒီမှာ အိမ်ရှေ့မင်းသားဘင်ဆဲလ်မန်း ဦးဆောင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်နဲ့ ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။

play


တရားသူကြီးသုံးဦးပါဝင်တဲ့ ခုံအဖွဲ့ကို ၂၀၁၆ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ပြီး ထိုခုံအဖွဲ့က ဘီလျံနာ အယ်လ်မန်ဆာနီအာရဲ့ ပိုင်ဆိုင်မှုတွေကိုရောင်းချကာ အကြွေးပေးဆပ်ရန်အတွက် Etqaan Alliance ခေါ် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထိုအဖွဲ့ရဲ့ အစီအစဉ်အရ ပထမအဆင့် လေလံတင်မှုကို ယခုသီတင်းပတ်မှာ စတင်ပြုလုပ်ခဲ့ရာ ကုန်တင်ကားများ၊ ဘတ်စ်ကားများ၊ မြေတူးစက်များ၊ ကရိန်းကားများနဲ့ ဂေါက်သီးရိုက်ကွင်းသုံးကားများ အပါအဝင် ကားနဲ့စက်ယန္တရား ၉၀၀ ခန့်ကို လေလံတင်ခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် လေလံတင်သွားမယ့် အဆင့်တွေမှာတော့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် အယ်လ်ဆာနီအာ ပိုင်ဆိုင်ထားတဲ့လုပ်ငန်းများ၊ နေအိမ်အဆောက်အအုံများ အပါအဝင် ဆော်ဒီငွေ ၁၀.၃ ဘီလီယံ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို လေလံတင်သွားမှာ ဖြစ်ပါတယ်။

ဆက်လက် လေလံတင်သွားမယ့် အစီအစဉ်မှာ စက်ပစ္စည်းများ၊ ကြွေထည်မြေထည်များနဲ့ ပရိဘောဂ အသုံးအဆောင်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဘီလျံနာ အယ်လ်ဆာနီအာရဲ့ ပိုင်ဆိုင်မှုတွေကို စတင်လေလံပစ်ရာမှာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေမှ စီးပွားရေးလုပ်ငန်းရှင်များ အဓိက ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD