AD
AD
AD

ဘဝကိုအဆုံးသတ်ပြီး သေပွဲဝင်ဖို့အတွက် ခရီးထွက်ခဲ့တဲ့ အသက် ၁၀၄ နှစ်အရွယ် ဒေါက်တာဘွဲ့ရ သြစတြေးလျသိပ္ပံပညာရှင်ကြီး ဒေးဗစ်ဂွတ်ဒ်အော (David Goodall) ဟာ ဆွစ်ဇာလန်နိုင်ငံရှိ ဆေးခန်းတစ်ခုမှာ တရားဝင် အကူအညီရယူပြီး သေဆုံးသွားခဲ့ပြီလို့ မိမိသဘောဆန္ဒအလျောက် သေဆုံးနိုင်ခွင့်ကို ထောက်ခံအားပေးတဲ့ Exit International အဖွဲ့က ပြောပါတယ်။

play
သိပ္ပံပညာရှင်ကြီး ဒေးဗစ်ကို ဘေဆယ်တက္ကသိုလ် ရုက္ခဗေဒဥယျာဉ်မှာ မိသားစုဝင်တွေနှင့်အတူ တွေ့ရစဉ်


လန်ဒန်မြို့မှာ မွေးဖွားခဲ့သူ ရုက္ခဗေဒနဲ့ ဂေဟေဗေဒပညာရှင် ဒေးဗစ်ဟာ ယမန်နေ့ (မေလ ၁၀ ရက်) က ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့မှာရှိတဲ့ Life Circle ဆေးခန်းမှာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၃၀ အချိန် အေးချမ်းစွာဖြင့် ဘဝကိုအဆုံးသတ်ပြီး ကွယ်လွန်သွားခဲ့ပြီလို့ Exit International အဖွဲ့ကို တည်ထောင်သူ Philip Nitschke က ပြောခဲ့ပါတယ်။

play
ဘဝကိုအဆုံးမသတ်မီ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရသည့် ဒေးဗစ်


မိမိသဘောဆန္ဒအလျောက် သေဆုံးချင်သူ သိပ္ပံပညာရှင်ကြီးဒေးဗစ်ကို Life Circle ဆေးခန်းမှာ သွေးကြောထဲကို Nembutal လို့ခေါ်တဲ့ စိတ်ငြိမ်ဆေးရည်သွင်းပေးပြီး ငြင်သာစွာ သေဆုံးစေခဲ့တယ်လို့ ဆိုပါတယ်။ ဒေးဗစ်က ၎င်းရဲ့ဆန္ဒအတိုင်း ဘဝကိုအဆုံးသတ်ပြီး သေဆုံးရခြင်းကို အလွန်ပျော်တယ်လို့လည်း သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျတို့မှာ လေးစားရတဲ့ ပါမောက္ခတစ်ဦးဖြစ်ခဲ့သူ ဒေးဗစ်ဟာ ၎င်းရဲ့ဘဝကို အဆုံးသတ်ရန် မေလ ၂ ရက်မှာ မိသားစုဝင်တွေကို နှုတ်ဆက်ပြီး သေပွဲဝင်ဖို့အတွက် ခရီးထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း  ပြင်သစ်နိုင်ငံမှာ ရက်အနည်းငယ်နေထိုင်ခဲ့ပြီးနောက် ဆွစ်ဇာလန်ကိုထွက်ခွာခဲ့ကာ ၎င်းရဲ့ဘဝကို အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

play
ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျတို့မှာ လေးစားရသည့် ပါမောက္ခဒေးဗစ်


"ကျွန်တော် ဒီလောက် အသက်အရွယ်ထိရောက်လာခဲ့တာကို အကြီးအကျယ် နောင်တရမိတယ်၊ ကျွန်တော် မပျော်ဘူး၊ ကျွန်တော် သေချင်ပါတယ်၊ သေတယ်ဆိုတာက လူတစ်ယောက်အတွက် ဝမ်းနည်းစရာမဟုတ်ပါဘူး၊ သေဖို့ကို တားဆီးခံရတာကမှ ဝမ်းနည်းစရာပါ" လို့ ဒေးဗစ်က ၎င်းရဲ့ အသက် ၁၀၄ နှစ်ပြည့် မွေးနေ့ပွဲမှာ ABC သတင်းဌာနကို ပြောခဲ့ပါတယ်။

သိပ္ပံပညာရှင်ကြီး ဒေးဗစ်ကို ပထမကမ္ဘာစစ်မတိုင်မီ လပိုင်းအလို ၁၉၁၄ ခုနှစ် ဧပြီလအတွင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီးနောက် ရေးသားသူ ၅၀၀ ကျော်ပါဝင်တဲ့ Ecosystems of the World အမည်ရှိ အတွဲပေါင်း ၃၀ ပါ စာအုပ်ကို ဒေးဗစ်က တည်းဖြတ်ခဲ့ကြောင်း သိရပါတယ်။

play
အတွဲပေါင်း ၃၀ ပါ Ecosystems of the World စာအုပ်ကို တည်းဖြတ်ခဲ့သည့် ဒေးဗစ်က


ဒေးဗစ်ဟာ ၂၀၁၆ ခုနှစ် အသက် ၁၀၂ နှစ်အရွယ်မှာ Order of Australia Medal ဂုဏ်ထူးဆောင်ဆုကို လက်ခံရရှိခဲ့ပါတယ်။ ဒေးဗစ်က ဆွစ်ဇာလန်ကို မထွက်ခွာမီအထိ ၎င်းပိုင်ဆိုင်တဲ့ ပါ့သ်မြို့ရှိ တိုက်ခန်းကျဉ်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ကတော့ လူတစ်ဦးရဲ့ ကိုယ်ပိုင်ဆန္ဒအရ ညင်သာစွာသေဆုံးအောင် ပြုလုပ်ပေးမှုကို လာမယ့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ တရားဝင် ခွင့်ပြုပေးသွားရန် စီစဉ်ထားပါတယ်။ သို့သော် အဆိုပါ လူပုဂ္ဂိုလ်ဟာ ရောဂါတစ်ခုခု ခံစားနေရတဲ့ နောက်ဆုံးအဆင့် လူနာတစ်ဦးဖြစ်မှသာ ထိုသို့ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

play
မြေးတွေနှင့်အတူ ဘေဆယတက္ကသိုလ် ရုက္ခဗေဒဥယျာဉ်မှာ တွေ့ရသည့် ဒေးဗစ်


လူတစ်ဦးဟာ မိမိသဘောဆန္ဒအလျောက် ဘဝကိုအဆုံးသတ်ပြီး သေဆုံးရန်အတွက် တရားဝင် အကူအညီ ရယူနိုင်ခွင့်ဟာ သြစတြေးလျအပါအဝင် ကမ္ဘာတစ်ဝှမ်း အချေအတင် ဆွေးနွေးငြင်းခုန်စရာလည်း ဖြစ်နေပါတယ်။မိမိသဘောဆန္ဒအရ အကူအညီရယူပြီး သေဆုံးခွင့်ကို ဆွစ်ဇာလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ကိုလံဘီယာ နိုင်ငံတို့မှာ ခွင့်ပြုထားပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အော်ရီဂွန်၊ ဝါရှင်တန်၊ ဗာမောင့်တ်၊ မွန်တာနာ၊ ကယ်လီဖိုးနီးယားနဲ့ ကော်လိုရာဒို ပြည်နယ်တွေနဲ့ ကနေဒါနိုင်ငံရှိ Quebec ပြည်နယ်မှာလည်း ထိုသို့ သေဆုံးခွင့်ပြုထားကြောင်း သိရပါတယ်။ ဆွစ်ဇာလန်ကတော့ ထိုသို့ သေဆုံးလိုတဲ့ နိုင်ငံခြားသားတွေကို လာရောက်လုပ်ဆောင်ခွင့်ပြုထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD