AD
AD
AD

တရုတ်နိုင်ငံမြောက်ပိုင်းရှိ အလယ်တန်းကျောင်းတစ်ခု အပြင်ဘက်မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးမှုကြောင့် ကျောင်းသူကျောင်းသားကိုးဦး သေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက ပြောပါတယ်။

play


ဧပြီ ၂၇ ရက်က Shaanxi ပြည်နယ် Mizhi County အမှတ် ၃ အလယ်တန်းကျောင်း အပြင်ဘက်မှာ ကျောင်းသူကျောင်းသားများ အိမ်ပြန်ကြစဉ် ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ကျောင်းသူကျောင်းသားများအား ဓားဖြင့်ထိုးခဲ့ကြောင်း သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းနဲ့ ၎င်းဟာ Mizhi County မှာပင် နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ဓားဖြင့်ထိုးခဲ့ကြောင်း သံသယရှိသူဟာ Mizhi County အမှတ် ၃ အလယ်တန်းကျောင်းမှ ကျောင်းသားဟောင်းဖြစ်ပြီး ကျောင်းသားဘဝမှာ ၎င်းကို အနိုင်ကျင့် ဗိုလ်ကျခံခဲ့ရမှုအပေါ် အငြိုးအတေးထားကာ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

play


Shaanxi City Express သတင်းစာရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်ပြထားမှုအရ သွေးများပေကျံနေတဲ့ ကလေးငယ်များ မြေကြီးမှာလဲကျနေမှုနဲ့ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ ဓားထိုးခံရပြီး သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေမှာ မိန်းကလေးခုနစ်ဦးနဲ့ ယောက်ျားလေးနှစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

play


တရုတ်နိုင်ငံမှာ အကြမ်းဖက်ရာဇဝတ်မှု ဖြစ်ပွားမှုဟာ အခြား နိုင်ငံအများအပြားနဲ့ နှိုင်းယှဉ်ပါက နည်းပါးခဲ့ပေမဲ့လည်း လတ်တလော နှစ်များအတွင်းမှာတော့ ကလေးတွေကို ပစ်မှတ်ထားမှု အများအပြား အပါအဝင် ဓားနဲ့ပုဆိန်များဖြင့် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လတ်တလောနှစ်များအတွင်း တရုတ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှုများ

- ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ တရုတ်နိုင်ငံရှိ စာသင်ကျောင်းများမှာ ဓားဖြင့်တိုက်ခိုက်မှုများ မြင့်တက်ဖြစ်ပွားခဲ့ပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

- ကူမင်းဘူတာရုံမှာ ဓားဖြင့်တိုက်ခိုက်ခဲ့မှုဖြင့် အမျိုးသားသုံးဦးကို ၂၀၁၅ ခုနှစ် မတ်လအတွင်း သေဒဏ်ချမှတ်ပြီး ကွပ်မျက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ကူမင်းဘူတာရုံမှာ ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ ၃၀ သေဆုံးပြီး အခြား လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဓားဖြင့်တိုက်ခိုက်ခဲ့သူ လေးဦးကို ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားစဉ် ပစ်သတ်ခဲ့ပြီး အခြားသုံးဦးအား လူသတ်မှုနဲ့ အကြမ်းဖက်မှုများဖြင့် စွဲချက်တင်ပြီး သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

- ၂၀၁၅ ခုနှစ်က ဘေဂျင်းမြို့ရှိ ဈေးဝယ်နဲ့ ဖျော်ဖြေရေးနေရာဖြစ်တဲ့ Sanlitun မှာ ဓားဖြင့်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုအတွင်း တရုတ်အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြင်သစ်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

- ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း တရုတ်တောင်ပိုင်း Shenzhen မြို့ရှိ Wal-Mart စူပါမတ်ကက်မှာ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ပါတယ်။

- ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဘေဂျင်းမြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား လူ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD