AD
AD
AD

တောင်ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ Sewol ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် အစိုးရက လျော်ကြေးပေးရန် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ယနေ့ (ဇူလိုင် ၁၉ ရက်) အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

play
နစ်မြုပ်နေသည့် ကူးတို့သင်္ဘော (Photo: CNN)


ယခုဖြစ်ရပ်ဟာ တောင်ကိုရီးယားမှာ လူသေဆုံးမှုအတွက် အစိုရးမှာ ဥပဒေအရ တာဝန်ရှိကြောင်း တရားရုံးက ပထမဆုံးအကြိမ် အသိအမှတ်ပြုခဲ့မှုလည်း ဖြစ်လာပါတယ်။

၂၀၁၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Sewol ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း လူ ၃၀၄ ဦး သေဆုံးခဲ့ပြီး အများစုဟာ ကျောင်းသူကျောင်းသား ကလေးငယ်တွေ ဖြစ်ကြပါတယ်။

သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းအချို့က လျော်ကြေးပေးမယ့် အစောပိုင်း ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးပြီး အစိုးရမှာတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေး ဖော်ထုတ်ရမယ်လို့ အခိုင်အမာ တောင်းဆိုထားခဲ့ကြပါတယ်။

play
သေဆုံးခဲ့သူတွေရဲ့ မိဘဆွေမျိုးအချို့ (Photo: EPA)


'တရားလိုများကို လျော်ကြေးပေးရမယ်လို့ ရုံးတော်က အသိအမှတ်ပြု ဆုံးဖြတ်ပါတယ်၊ အစိုးရနဲ့ ကူးတို့သင်္ဘောပိုင်ရှင် Cheonghaejin Marine Co. တို့ရဲ့ ပေါ့ဆမှုကြောင့် ကူးတို့သင်္ဘောနစ်မြုပ်တဲ့ မတော်တဆမှု ဖြစ်စေခဲ့ပါတယ်' လို့ တရားရုံးက ယနေ့ အမိန့်ချမှတ်မှုမှာ ပြောခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ပြောခဲ့ပါတယ်။

Sewol ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူ တစ်ဦးစီအတွက် ကိုရီးယားဝမ်ငွေ သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁၇၇,၀၀၀) စီ လျော်ကြေးပေးရန် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေဟာလည်း နောက်ထပ် ဝမ်ငွေ သန်း ၄၀၀ ရရှိမယ်လို့ ဆိုပါတယ်။

play
သေဆုံးခဲ့သူအချို့၏ ဓာတ်ပုံများဖြင့် ဆန္ဒပြစဉ် (Photo: AP)


ဒါ့အပြင် ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အဘိုးအဘွားတွေကလည်း လျော်ကြေးငွေ အနည်းငယ်စီ ရရှိကြမယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ Sewol ကူးတို့သင်္ဘော နစ်မြုပ်ရမှုဟာ သင်္ဘောတည်ဆောက်မှု အရည်အသွေးညံ့ဖျင်းခြင်း၊ အဆမတန် တင်ဆောင်ခြင်းနဲ့ အလွန်မြန်စွာ ခုတ်မောင်းခြင်းတို့ကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

Sewol ကူးတို့သင်္ဘောဟာ ၂၀၁၄ ခုနှစ် ဧပြီ ၁၆ ရက်မှာ အင်ချွန်းကနေ ဂျေဂျူကျွန်းကို ဦးတည်ခုတ်မောင်းသွားစဉ် နစ်မြုပ်ခဲ့ပါတယ်။ သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူ ၃၀၄ ဦးအနက် ကျောင်းသူကျောင်းသား ၂၅၀ နီးပါး ပါဝင်ခဲ့ပါတယ်။

play
ပြန်လည်ဆယ်ယူခဲ့သည့် Sewol ကူးတို့သင်္ဘော (Photo: TRT World Now)


၂၀၁၅ ခုနှစ်မှာ အစိုးရက သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသား ၂၅၀ အတွက် တစ်ဦးလျှင် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၈၀,၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

သို့သော် ကျန်ရစ်သူမိသားစု အများအပြားက အဆိုပါ လျော်ကြေးငွေကို လက်ခံရယူခဲ့ပါက ကူးတို့သင်္ဘောနစ်မြုပ်မှု စုံစမ်းစစ်ဆေးရေး အဆုံးသတ်မှာဖြစ်တာကြောင့် လက်မခံခဲ့ကြကြောင်း သိရပါတယ်။

Sewol ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်ဆိုးဟာ တောင်ကိုရီးယား ပြည်သူများကြား ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အားနည်းမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်း နှောင့်နှေးမှုတွေအတွက် အစိုးရကို ဒေါသတကြီး အပြစ်တင်ခဲ့ကြပါတယ်။

play
Sewol ကူးတို့သင်္ဘော နစ်မြုပ်သွားခါနီး နောက်ဆုံးအခြေအနေ (Photo: CNN)


ကူးတို့သင်္ဘောနစ်မြုပ်မှုအတွက် သင်္ဘောကပ္ပတိန်ကို ပေါ့ဆမှုကြောင့် လူအများအပြား သေဆုံးရမှုဖြင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားအစိုးရက နစ်မြုပ်ခဲ့တဲ့ Sewol ကူးတို့သင်္ဘောကို ၂၀၁၇ ခုနှစ် မတ်လအတွင်း ပြန်လည်ဆယ်ယူခဲ့စဉ် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း မမှန်မကန် ကြေညာခဲ့မှုကြောင့်လည်း ဒေါသတကြီး ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

Sewol ကူးတို့သင်္ဘောနစ်မြုပ်

- ဆိုးလ်မြို့တောင်ဘက်ရှိ Danwon အထက်တန်းကျောင်းမှ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ကျောင်းသူကျောင်းသား ၃၂၅ ဦးက ကျောင်းခရီးစဉ်အဖြစ် ဂျေဂျူးကျွန်းကို Sewol ကူးတို့သင်္ဘောဖြင့် သွားရောက်ကြစဉ် သင်္ဘောနစ်မြုပ်မှု ဖြစ်ခဲ့ပါတယ်။

- သင်္ဘောနစ်မြုပ်မှုအတွင်း လူ ၇၀ ခန့်သာ အသက်ရှင်ခဲ့ပါတယ်။ ၎င်းတို့ဟာ သင်္ဘောတိမ်းစောင်းနေစဉ် ရောက်ရှိနေတဲ့ နေရာမှာသာနေကြရန် ညွှန်ကြားချက်ကို လိုက်နာခဲ့ကြသူတွေလို့ဆိုပါတယ်။

play
ကူးတို့သင်္ဘောနစ်မြုပ်စဉ် ကယ်ဆယ်ရေး လုပ်ဆောင်စဉ် (Photo: AP)


- နောက်ပိုင်းမှာ အသက်ရှင်ကျန်ခဲ့သူအချို့ရဲ့ ပြောကြားမှုတွေအရ ၎င်းတို့ဟာ သင်္ဘောတိမ်းစောင်းနေစဉ် သင်္ဘောအခန်းတွေထဲရှိ ရေထဲမှာ ပေါလောပေါ်နေခဲ့ကြပေမဲ့ သင်္ဘောဝန်ထမ်းအများစုက ကူညီခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

- သင်္ဘောဝန်ထမ်း သုံးဦးထက်မနည်းကတော့ ခရီးသည်တွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ကြိုးစားခဲ့စဉ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD