AD
AD
AD

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ Santa Fe အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ဦးက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ အခြား လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

play


ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေဟာ ကျောင်းသူကျောင်းသားကိုးဦးနဲ့ ဆရာတစ်ဦး ဖြစ်တယ်လို့ ဟာရစ်ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ ဂွန်ဇာလက်ဇ်က ပြောပါတယ်။ ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိတစ်ဦး ကုသမှုခံရယူနေရကြောင်းလည်း ၎င်းက Twitter မှာ ရေးထားပါတယ်။

play
Dimitrios Pagourtzis အမည်ရှိ ကျောင်းသား


ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူ အမျိုးသားကို အဆိုပါကျောင်းအနီးရှိ Galveston မြို့အပြင်ဘက် မိုင် ၂၀ ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူဟာ အသက် ၁၇ နှစ်အရွယ် Dimitrios Pagourtzis အမည်ရှိ ကျောင်းသားဖြစ်ပြီး ၎င်းက ဖခင်ဖြစ်သူ လိုင်စင်ဖြင့်ပိုင်ဆိုင်ထားတဲ့ သေနတ်အတိုနဲ့ ပစ္စတိုတို့ကို ကိုင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အထက်တန်းကျောင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အခြား ကျောင်းသားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဂွန်ဇာလက်ဇ်က ပြောခဲ့ပါတယ်။

play


ရဲတပ်ဖွဲ့က ယနေ့ (မေလ ၁၈ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီမတိုင်ခင်မှာ အထက်တန်းကျောင်း ပစ်ခတ်မှုဖြစ်တဲ့ သတင်းကိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသူတစ်ဦးက ABC13 သတင်းဌာနကို ဖုန်းဖြင့်ပြောကြားခဲ့ရာမှာ သေနတ်သမားဟာ ပထမဆုံး အနုပညာဘာသာရပ် စာသင်ခန်းကို မနက် ၇ နာရီ ၄၅ မိနစ်မှာ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

play


ကျောင်းသူကျောင်းသားတွေက သေနတ်သံကြားရပြီးနောက် အပြင်ဘက်ကို ထွက်ပြေးခဲ့ကြကြောင်းနဲ့ ကျောင်းအတွင်း အချက်ပေးသံကိုလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ အချက်ပေးသံထွက်ပေါ်လာမှုဟာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတိပေးမှုဖြစ်တာကို ရုတ်တရက် မသိခဲ့ကြဘူးလို့လည်း ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

play


သတင်းဌာနက ရဟတ်ယာဉ်ဖြင့် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ ကျောင်းသူကျောင်းသား အုပ်စုတစ်ခုကို ၎င်းတို့ရဲ့ ကျောပိုးအိတ်ထဲမှ ပစ္စည်းများအား မြက်ခင်းပေါ်သို့စုံပုံစေပြီး စစ်ဆေးနေတာ တွေ့ခဲ့ရပါတယ်။ Santa Fe အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က ကျောင်းအတွင်းရှာဖွေခဲ့ရာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play


Santa Fe အထက်တန်းကျောင်းပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကို အနီးအနားရှိ Galveston မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ Santa Fe အထက်တန်းကျောင်းမှာ Grade 9 မှ 12 အထိ ကျောင်းသူကျောင်းသား ၁၄,၀၀၀ ကျော် တက်ရောက်နေပြီး ဟူစတန်မြို့မှ မိုင် ၄၀ ခန့်အကွာမှာ တည်ရှိကြောင်း သိရပါတယ်။

play


ယခုပစ်ခတ်မှုဟာ ဖေဖေါ်ဝါရီလအတွင်း ဖလော်ရီဒါပြည်နယ် Parkland မှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုနောက်ပိုင်း လူသေဆုံးမှုအများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် နီကိုလက်စ် ခရုဇ်အမည်ရှိ ကျောင်းသားက ပစ်ခတ်ခဲ့မှုကြောင့် ၁၇ ဦး သေဆုံးခဲ့ပါတယ်။

play


ဒါ့အပြင် Santa Fe အထက်တန်းကျောင်း ပစ်ခတ်မှုဟာ အမေရိကန်မှာ ၈ ရက်အတွင်း တတိယအကြိမ်မြောက် စာသင်ကျောင်းပစ်ခတ်မှုလည်း ဖြစ်ပါတယ်။ ယခုပစ်ခတ်မှု အပါအဝင် ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်မှာ စာသင်ကျောင်းနဲ့ ဆက်နွယ်တဲ့ ပစ်ခတ်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

- နှစ် ၂၀ အတွင်း အမေရိကန် စာသင်ကျောင်းပစ်ခတ်မှုများ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD