တောင်အာဖရိက အာဏာရပါတီ ANC က ရာထူးမှနုတ်ထွက်ရန် ငြင်းဆန်နေခဲ့တဲ့ သမ္မတ ဂျက်ကော့ဘ်ဇူးမားကို သမ္မတအဖြစ်မှနုတ်ထွက်ရန် တရားဝင် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

play
သမ္မတဇူးမား နုတ်ထွက်ရန် ဆန္ဒပြမှု


သမ္မတဇူးမားက ANC ရဲ့ တောင်းဆိုမှုကို ဖေဖေါ်ဝါရီ ၁၄ ရက်မှာ တုံ့ပြန်သွားမယ်လို့ မျှော်လင့်ရကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ANC ပါတီ ထိပ်တန်းခေါင်းဆောင်များ ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) မနက်အစောပိုင်းအထိ ဆက်တိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သမ္မတဇူးမား နုတ်ထွက်ရန် တရားဝင်တောင်းဆိုရေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် ဇူးမားက ပါတီရဲ့ တရားဝင်တောင်းဆိုမှုအတိုင်း သမ္မတရာထူးမှ နုတ်ထွက်ခြင်းမပြုဘဲ ဆက်လက် ငြင်းဆန်နေပါက လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်ပြီး ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါက သမ္မတဇူးမား ရှုံးနိမ့်နိုင်ခြေများကြောင်းလည်း သိရပါတယ်။

play
တောင်အာဖရိကသမ္မတ ဂျက်ကော့ဘ်ဇူးမား


သမ္မတဇူးမားဟာ ၂၀၀၉ ခုနှစ်မှာ အာဏာရလာခဲ့ပေမဲ့ အဂတိလိုက်စားကြောင်း စွပ်စွဲမှုတွေ ရင်ဆိုင်လာရပါတယ်။ ဇူးမားကို သမ္မတအဖြစ်မှ ဖယ်ရှားသွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ANC က တရားဝင် အတည်ပြုထားခြင်း မရှိသေးပေမဲ့ ပါတီသတင်းရင်းမြစ်တွေက တောင်အာဖရိက မီဒီယာတွေနဲ့ Reuters သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ANC ပါတီက ယမန်နှစ် ဒီဇင်ဘာလမှာ ဇူးမားရဲ့ ပါတီခေါင်းဆောင်နေရာကို စီရိုရမ်မာဖိုဆာနဲ့ အစားထိုးခဲ့ပါတယ်။ ထိုစဉ်ကတည်းက သမ္မတဇူးမား နုတ်ထွက်ရန် ဖိအားပေးမှုတွေ ရှိနေခဲ့ပေမဲ့ ၎င်းက အပြင်းအထန် ငြင်းဆန်နေခဲ့ကြောင်း သိရပါတယ်။

play
ANC ပါတီခေါင်းဆောင် စီရိုရမ်မာဖိုဆာ


ယခုအခါ ANC ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးပြီးနောက် သမ္မတဇူးမားကို ရာထူးမှနုတ်ထွက်ရန် တရားဝင် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ဇူးမား မည်သို့တုံ့ပြန်မည်ကို မသိရသေးပါဘူး။ သမ္မတဇူးမား နုတ်ထွက်ရန် အာဏာရပါတီထံမှ တရားဝင် တောင်းဆိုမှုကို ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

အစောပိုင်းမှာ ANC ခေါင်းဆောင် ရမ်မာဖိုဆာက ပါတီရဲ့ ဦးဆောင်ကော်မတီ အစည်းအဝေးကနေ သမ္မတဇူးမားရဲ့နေအိမ်ကို သွားရောက်ခဲ့ပြီး ရာထူးမှနုတ်ထွက်ခြင်း မပြုပါက ပါတီအနေနဲ့ သမ္မတအဖြစ်မှ ဖယ်ရှားသွားမယ့် အစီအစဉ်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ရမ်မာဖို့စ်က ပါတီအစည်းအဝေးကို ပြန်လာခဲ့ကြောင်း သိရပါတယ်။

နောက်ဆက်တွဲသတင်းဖတ်ရှုရန် - တောင်အာဖရိကသမ္မတ ဂျက်ကော့ဘ်ဇူးမား ရာထူးမှနုတ်ထွက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video