AD
AD
AD

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားခုနစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၇ ဦးထက်မနည်း ဒဏ်ရရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


တောင်ကာရိုလိုင်းနားပြည်နယ် Bishopville ရှိ Lee Correctional Institution အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ (ဧပြီ ၁၅ ရက်) ညပိုင်းမှစပြီး ဆူပူအုံကြွမှု ဖြစ်ခဲ့ကြောင်းနဲ့ ယနေ့ (ဧပြီ ၁၆ ရက်) မနက်အစောပိုင်းမှာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အကျဉ်းထောင်ထဲမှာ အော်ဟစ်ငြင်းခုံမှုတွေ ဖြစ်ခဲ့ရာမှာ ဆူပူအုံကြွမှု ပေါ်ပေါက်ခဲ့ကြောင်း တောင်ကာရိုလိုင်းနား အကျဉ်းဦးစီးဌာနက ပြောခဲ့ပါတယ်။ ထောင်ဆူပူမှုအတွင်း အကျဉ်းထောင်စောင့်တွေနဲ့ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာမရဘဲ ဘေးကင်းလုံခြုံခဲ့တယ်လို့ ဆိုပါတယ်။

play


"အကျဉ်းထောင် ဆူပူအုံကြွမှုကြောင့် အကျဉ်းသား ၁၇ ဦး ဒဏ်ရာရခဲ့ပြီး ပြင်ပဆေးရုံမှာ ကုသမှုခံယူနေရပါတယ်၊ အကျဉ်းသားခုနစ်ဦးကတော့ သေဆုံးခဲ့ပါတယ်" လို့ တောင်ကာရိုလိုင်းနားပြည်နယ် အကျဉ်းဦးစီးဌာနက Twitter မှာ ယနေ့ ရေးသားဖော်ပြထားပါတယ်။

ထောင်ဆူပူမှုအတွင်း အကျဉ်းသားအချို့ဟာ လက်လုပ်ဓားတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အခြား အကျဉ်းသားတွေဟာ ရိုက်နှက်ခံခဲ့ရတယ်လို့ Lee County သေမှုသေခင်း စုံစမ်းရေးအရာရှိ လာရီလိုဂန်က AP သတင်းဌာနကို ပြောပါတယ်။ အကျဉ်းထောင်ဝန်ထမ်းအားလုံး ဘေးကင်းခဲ့ကြောင်းနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလို့ ပြည်နယ်အကျဉ်းဦးစီးဌာနက ဆိုပါတယ်။

play


CNN သတင်းမှာ ဖော်ပြထားမှုအရ ဧပြီ ၁၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်မှာ ထောင်ဆူပူမှု စတင်ဖြစ်ပွားခဲ့ပြီး ယနေ့မနက် ၂ နာရီ ၅၅ မိနစ်မှာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ Lee Correctional Institution အကျဉ်းထောင်ဟာ အမေရိကန်မှာ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တစ်ခုဖြစ်ပြီး ၁၉၃၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အကျဉ်းထောင်ဟာ တောင်ကာရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့တော်မှ အရှေ့ဘက် မိုင် ၅၀ အကွာမှာတည်ရှိပြီး ရက်စက်ကြမ်းကြုတ်တတ်တဲ့ အမျိုးသား အကျဉ်းသား ၁,၅၀၀ ကို အကျဉ်းချထားကြောင်း သိရပါတယ်။


မတ်လအတွင်းကလည်း အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားတွေက ထောင်အဆောက်အအုံရဲ့ နေရာတွေကို ထိန်းချုပ်ခဲ့ပြီး ထောင်အရာရှိတစ်ဦးကို ဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ဖူးပြီး တစ်နာရီကျော်အကြာမှ အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ လူသေဆုံးမှုဖြစ်တဲ့ အကျဉ်းထောင် ဆူပူအုံကြွမှုများ ဖြစ်ပွားမှုနည်းပါးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD