မြောက်ကိုရီးယားမှာ အအောင်မြင်ဆုံး အမျိုးသမီးဂီတအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအကြို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို ဇန်နဝါရီ ၂၁ ရက်က ရောက်ရှိလာခဲ့ရာ အဖွဲ့ခေါင်းဆောင် အဆိုတော်ဟွန်ဆောင်ဝူးလ်ကို တောင်ကိုရီးယားတွေ စိတ်ဝင်စားခဲ့ကြတယ်လို့ ဆိုပါတယ်။



အဆိုတော်ဟွန်ဆောင်ဝူးလ်က မြောက်ကိုရီးယားမှာ အအောင်မြင်ဆုံး အမျိုးသမီးဂီတအဖွဲ့ မိုရန်ဘောင်း (Moranbong) ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

သားမွေးလည်စည်းပဝါနဲ့ ကုတ်အင်္ကျီအရှည်တို့ဖြင့် စမတ်ကျလှပနေတဲ့ မြောက်ကိုရီးယားအဆိုတော်ကို ဆိုးလ်မြို့မှာ သူမ သွားလေရာတစ်လျှောက် ကင်မရာများကိုင်ထားတဲ့ သတင်းသမားတွေအပြင် တောင်ကိုရီးယားတို့က စုပြုံတိုးဝှေ့ကာ ကြည့်ရှုကြ၊ ဓာတ်ပုံရိုက်ကြပါတယ်။



အသက် ၃၀ ကျော် သို့မဟုတ် ၄၀ နီးပါး ဖြစ်ဖွယ်ရှိတဲ့ ဟွန်ဆောင်ဝူးလ်ဟာ မြောက်ကိုရီးယားမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်လို့ သိမှတ်ထားကြပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ထွက်ရှိခဲ့တဲ့ သူမရဲ့ 'Excellent Horse-like Lady' အမည်ရှိ သီချင်းဟာ အကြီးအကျယ် အောင်မြင်ခဲ့ကြောင်း သိရပါတယ်။



ဟွန်ဆောင်ဝူးလ်ဟာ မြောက်ကိုရီးယား နိုင်ငံရေးနယ်ပယ်မှာလည်း သြဇာရှိတဲ့ ထင်ရှားသူတစ်ဦးဖြစ်ပြီး အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီမှာ အလှည့်ကျ အဖွဲ့ဝင်ဖြစ်ပါတယ်။

သူမဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ရည်စားဟောင်းဖြစ်မယ်လို့ ခန့်မှန်းပြောဆိုမှုနဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သို့သော် မြောက်ကိုရီးယား စောင့်ကြည့်သူတွေကတော့ အဆိုပါ ခန့်မှန်းမှုဟာ မဖြစ်နိုင်ကြောင်း ပယ်ချခဲ့ကြပါတယ်။



မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ယခင် လက်တွဲဖော်နဲ့ လက်ရှိ လက်တွဲဖော်တွေဟာ မထင်မရှားဖြင့်သာ နေထိုင်ကြရလေ့ရှိတာကြောင့် ထင်ရှားကျော်ကြားတဲ့ အဆိုတော်ဟွန်ဆောင်ဝူးလ်ဟာ ကင်မ်ဂျုံအန်နဲ့ ပတ်သက်မှုမရှိနိုင်ကြောင်း စောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

ဟွန်ဆောင်ဝူးလ်နဲ့ ပတ်သက်ပြီး ၂၀၁၃ ခုနှစ်က တောင်ကိုရီးယားမှာ သတင်းမှာတစ်ခု ထွက်ပေါ်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ထိုစဉ်က ဟွန်ဆောင်ဝူးလ်နဲ့ အခြားဂီတသမား တစ်ဒါဇင်ကို လိင်ဖျော်ဖြေမှု ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့မှုကြောင့် ကွပ်မျက်လိုက်ကြောင်း သတင်းမှားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။



ဟွန်ဆောင်ဝူးလ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ မြောက်ကိုရီးယား အမျိုးသမီးဂီတအဖွဲ့ အနောက်တိုင်းစတိုင် ပေါ့ပ်ဂီတနဲ့ မြောက်ကိုရီးယားဂီတတို့ကို ပေါင်းစပ်ဖျော်ဖြေလေ့ရှိပါတယ်။

ဟွန်ဆောင်ဝူးလ်ရဲ့ အမျိုးသမီးဂီတအဖွဲ့တော့ တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲမှာ လာရောက်ဖျော်ဖြေဖွယ် မရှိဘူးလို့ဆိုပါတယ်။

မြောက်ကိုရီးယားအဆိုတော် ဟွန်ဆောင်ဝူးလ်ရဲ့ မျက်နှာအမှုအရာနဲ့ ဖက်ရှင်စတိုင်အကြောင်း အသေးစိတ် အကြောင်းအရာတွေက တောင်ကိုရီးယား သတင်းမီဒီယာတွေကြားမှာ ခေါင်းစီးသတင်းတွေအဖြစ် နေရာယူခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က