AD
AD
AD

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းရန် စီစဉ်နေကြောင်း အစိုးရရှေ့နေတွေက ယနေ့ (မတ်လ ၁၉ ရက်) ပြောပါတယ်။ လီမြောင်ဘတ်ကို ဖမ်းဆီးထိန်းသိမ်းခြင်းမပြုပါက အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရရှေ့နေတွေက ထောက်ပြခဲ့ပါတယ်။

play
တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်


တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို သမ္မတအဖြစ် တာဝန်ယူစဉ်အတွင်း အမေရိကန်ဒေါ်လာ သန်းနဲ့ချီတဲ့ လာဘ်ငွေရယူခဲ့မှုတို့ဖြင့် စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရပါတယ်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် လီမြောင်ဘတ်ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ရှေ့နေတွေက စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဆက်စပ်သတင်း - လီမြောင်ဘတ်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး မေးမြန်းရန်ဆင့်ခေါ်

သမ္မတဟောင်း လီမြောင်ဘတ်ကတော့ ၎င်းအပေါ် စွပ်စွဲထားမှု အများစုကို ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဆိုးလ်မြို့ရှိ အစိုးရရှေ့နေရုံးရဲ့ စုံစမ်းစစ်ဆေးရေးဌာနက သမ္မတဟောင်း လီမြောင်ဘတ်ကို ဖမ်းဆီးထိန်းသိမ်းရန်အတွက် တရားရုံးထံမှ ခွင့်ပြုချက်တောင်းခံထားကြောင်း ယနေ့ ပြောခဲ့ပါတယ်။

play
လီမြောင်ဘတ်နှင့် ဇနီး


"သမ္မတဟောင်း လီမြောင်ဘတ်ကို စွဲဆိုထားတဲ့ အမှုတစ်ခုစီက ဖမ်းဆီးထိန်းသိမ်းဖို့ လိုအပ်တဲ့အမှုတွေ ဖြစ်ပါတယ်" လို့ အမည်မဖော်ပြထားတဲ့ အကြီးတန်း အစိုးရရှေ့နေတစ်ဦးက ပြောကြားကြောင်း ယွန်ဟပ်သတင်းဌာနဲ့ အခြား တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ သမ္မတဟောင်း လီမြောင်ဘတ်ကို မဖမ်းခဲ့ရင် သက်သေအထောက်အထားတွေကို ပျောက်ဆုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်" လို့လည်း အဆိုပါ အစိုးရရှေ့နေက ပြောခဲ့ပါတယ်။ တရားရုံးက လီမြောင်ဘတ်ကို ဖမ်းဆီးမိန့်ထုတ်ပြန်ခြင်းပြု မပြု ယခုသီတင်းပတ်နှောင်းပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

play
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတဟောင်း ပတ်ဂွမ်ဟေး


အကယ်၍ လီမြောင်ဘတ်ကို ဖမ်းဆီးထိန်းသိမ်းရန် တရားရုံးက ခွင့်ပြုခဲ့ပါက ၎င်းဟာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အဖမ်းခံရတဲ့ စတုတ္တမြောက် သက်ရှိထင်ရှား တောင်ကိုရီးယားခေါင်းဆောင် ဖြစ်လာမယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး သမ္မတဟောင်း လီမြောင်ဘတ်ကို စွပ်စွဲထားမှုတွေအနက် ၂၀၀၉ ခုနှစ်က ဆမ်းဆောင်းအုပ်စုက ၎င်းရဲ့ဥက္ကဋ္ဌ လီကွမ်ဟီးကို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရရန် လာဘ်ပေးခဲ့မှုလည်း ပါဝင်ပါတယ်။ ဆမ်ဆောင်းဥက္ကဋ္ဌ လီကွမ်ဟီးဟာ အခွန်တိမ်းရှောင်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လီမြောင်ဘတ်ဟာ သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း အစိုးရက ဘဏ္ဍာရေးထောက်ပံ့ထားတဲ့ ဘဏ်လုပ်ငန်းအုပ်စုရဲ့ အကြီးအကဲဟောင်းထံမှလည်း ၎င်းရဲ့ရာထူးနေရာအတွက် ဒေါ်လာသန်းနဲ့ချီ လာဘ်ငွေရယူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

play
ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ချန်ဒူးဝမ်


ဒါ့အပြင် သမ္မတဟောင်း လီမြောင်ဘတ်က အစိုးရထောက်လှမ်းရေးဌာနထံမှ အမေရိကန်ဒေါ်လာတစ်သိန်း လက်ခံရယူခဲ့ကြောင်းနဲ့ ၎င်းရဲ့ဆွေမျိုးများအမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မော်တော်ယာဉ်ပစ္စည်းကုမ္ပဏီနဲ့ ပတ်သက်ပြီး ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

ကွန်ဆာဗေးတစ်တစ်ဦးဖြစ်တဲ့ သမ္မတဟောင်း လီမြောင်ဘတ်ကတော့ ယခု စုံစမ်းစစ်ဆေးမှုတွေကို ရှုတ်ချလိုက်ပြီး ၎င်းကို ပြိုင်ဘက်တွေက နိုင်ငံရေးအရ လက်စားချေမှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ သက်ရှိထင်ရှားရှိနေဆဲ သမ္မတဟောင်းလေးဦးလုံးကို ရာဇဝတ်ပြစ်မှုများဖြင့် စွဲချက်တင်ဖမ်းဆီးထားမှုနဲ့ ထောင်ဒဏ်ချမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play
ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ရိုတေဝူး


လီမြောင်ဘတ်နေရာကို ဆက်ခံခဲ့တဲ့ ပတ်ဂွမ်ဟေးဟာလည်း သူမရဲ့ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ဖမ်းဆီးခံထားရပြီး တရားရုံးမှာ ကြားနာစစ်ဆေးနေဆဲဖြစ်ကာ အစိုးရရှေ့နေတွေက ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ရန် တင်ပြထားကြောင်း သိရပါတယ်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာ စွဲချက် ၂၁ ခုဖြင့် ရင်ဆိုင်နေရပါတယ်။

ထို့အတူ တောင်ကိုရီးယားမှာ ၁၉၈၀ ပြည့်လွန်မှ ၁၉၉၀ ပြည့်လွန်နှစ်များအထိ သမ္မတတာဝန်ယူခဲ့ကြသူ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ချန်ဒူးဝမ်နဲ့ ရိုတေဝူးတို့ဟာလည်း သမ္မတရာထူးမှ အနားယူခဲ့ရပြီးနောက် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း အဂတိလိုက်စားမှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂ နှစ်ကြာ ထောင်ဒဏ်ကျခံရပြီးနောက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD