AD
AD
AD

ကမ္ဘာကျော် ရူပဗေဒသိပ္ပံပညာရှင် စတီဖင်ဟော့ကင်း မတ်လ ၁၄ ရက်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟော့ကင်းဟာ ယနေ့ခေတ်မှာ ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

play
အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သည့် စတီဖင်ဟော့ကင်း


ဟော့ကင်းက စကြဝဋ္ဌာကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် သူ့ရဲ့ဘဝကို နှစ်မြှုပ်ထားခဲ့သူ သိပ္ပံပညာရှင်၊ ဉာဏ်ကြီးရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ မွေးဖွားခဲ့တဲ့ ဟော့ကင်းဟာ သိပ္ပံပညာရပ်က သူ့ဘဝအတွက် ကံကြမ္မာက ပေးအပ်တဲ့အလုပ်လို့ ခံယူထားခဲ့ပါတယ်။

ဒါပေမဲ့ ကံကြမ္မာကပဲ ဟော့ကင်းကို ရက်စက်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဟော့ကင်းဟာ အသက် ၂၁ ကျော်အရွယ်မှာ အလွန်ဆိုးရွားတဲ့ motor neurone ရောဂါလို့ သိထားကြတဲ့ amyotrophic lateral sclerosis (ALS) ရောဂါ ဖြစ်နေတာကို စတင်သိခဲ့ရပါတယ်။

play
ရူပဗေဒသိပ္ပံပညာရှင် စတီဖင်ဟော့ကင်း


ထိုရောဂါက ခန္ဓာကိုယ်လှုပ်ရှားစေတဲ့ အာရုံကြောတွေကို ပျက်စီးစေတာကြောင့် ဟော့ကာင်းဟာ လမ်းမလျှောက်နိုင်၊ စာမရေးနိုင်၊ စကားမပြောနိုင် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် ထိုရောဂါကြောင့် နှစ်အနည်းငယ်မျှသာ အသက်ရှင်နိုင်မယ်လို့ ဆေးပညာအရ ခန့်မှန်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဆိုးရွားတဲ့ ရောဂါဖြစ်လာခဲ့ပြီးနောက် ဟော့ကင်းဟာ ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာနိုင်ပြီး စကားပြောဆိုရာမှာလည်း ကွန်ပျူစကားပြောစက်သုံးပြီး ပြောဆိုဆက်သွယ်ခဲ့ရပါတယ်။ ALS ရောဂါဆိုးရှိနေခြင်းကို မေးမြန်းခဲ့ရာမှာ ဟော့ကင်းက သိပ်အဆိုးကြီး မဟုတ်ပါဘူးလို့ ဖြေခဲ့ဖူးပါတယ်။

ဟော့ကင်းရဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်

"ပုံမန်ဘဝအဖြစ် နေထိုင်သွားဖို့ တတ်နိုင်သလောက် ကျွန်တော် ကြိုးစားပါတယ်၊ ကျွန်တော်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တွေးတောမနေပါဘူး၊ ကျွန်တော် လုပ်နေတာတွေကို အဟန့်အတား ဖြစ်စေတဲ့ အရာတွေကို မတွေးပါဘူး၊ ဒါတွေက ဒီလောက် အများကြီး မဟုတ်ပါဘူး" လို့ ဟော့ကင်းက ပြောခဲ့ဖူးပါတယ်။

တစ်ကယ်တော့ ဟော့ကင်းဟာ သာမန်လူတွေထက် သာလွန်ထူခြားနေတဲ့ လူသားတစ်ဦးလို့ ဆိုရမှာပါ၊ သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ပေမဲ့ သူ့စိတ် သူ့အတွေးတွေက အလွန်ထက်မြက်ပြီး စကြဝဋ္ဌာကြီးရဲ့ အကြောင်းကို အချိန်ပြည့်တွေးတော တွက်ချက်နေဟန်ရှိခဲ့ပါတယ်။

play
ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခဲ့သည့် ဟော့ကင်း


ကမ္ဘာကြီး ဘယ်လို စတင်ဖြစ်တည်လာခဲ့ကြောင်းနဲ့ ဘယ်လို အဆုံးသတ်မယ်ဆိုတာကို ဟော့ကင်းက တွေးတောတွက်ချက်နေခဲ့သူ ဖြစ်ပါတယ်။ ဟော့ကင်းက "ကျွန်တော့် ရည်မှန်းချက်က ရှင်းပါတယ်၊ စကြဝဋ္ဌာအကြောင်းကို အပြည့်အဝ နားလည်ဖို့ပါ" လို့ တစ်ကြိမ်တုန်းက ပြောခဲ့ဖူးပါတယ်။

ဟော့ကင်းဟာ ၁၉၇၄ ခုနှစ်မှာ ဗြိတိန်မှာ ဂုဏ်သိက္ခာနဲ့ သြဇာအကြီးမားဆုံး သိပ္ပံဆိုင်ရာအဖွဲ့အစည်း Royal Society မှာ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ထိုစဉ်က ဟော့ကင်းရဲ့ အသက်ဟာ ၃၂ နှစ် ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ Lucasian Professor of Mathematics အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

play
ကမ္ဘာမြေဆွဲအားမရှိတဲ့ အခြေအနေကို လက်တွေ့စမ်းသပ်ခဲ့သည့် ဟော့ကင်း


ဟော့ကင်းကနက္ခတ္တပညာရပ်နဲ့ စကြဝဋ္ဌာဗေဒကို သင်ကြားရန်အတွက် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ကမ်းဘရစ်ခ်ျတက္ကသိုလ်ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ ဟော့ကင်းက သိပ္ပံပညာရှင် နယူတန်ရဲ့ ကမ္ဘာမြေဆွဲအားဆိုင်ရာ သီအိုရီတွေကိုလည်း ၂၀၀၇ ခုနှစ်က အသက် ၆၅ နှစ်အရွယ်မှာ လက်တွေ့ စမ်းသပ်ခဲ့ပါသေးတယ်။

မသန်းစွမ်းသူမှုက အောင်မြင်မှုရဖို့ အတားအဆီးမဟုတ်ကြောင်းကို ဟော့ကင်းက လက်တွေ့ပြသလိုခဲ့ပြီး အာကာသကို စိတ်ဝင်စားမှုရှိကြရန် တွန်းအားပေးခဲ့ပါတယ်။ အာကာသထဲမှာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာရှိနေကြာင်း ဟော့ကင်းက ယုံကြည်ထားပါတယ်။

ဟော့ကင်းရဲ့ အယူအဆအချို့

"ကျွန်တော်ထင်တယ် လူသားတွေရဲ့ ယှဉ်ပြိုင်မှုက အာကာသထဲအထိ မရောက်ကြဘူးဆိုရင် နောက်ထပ် ဘာမှယှဉ်ပြိုင်နေစရာ မရှိတော့ဘူး" လို့ ဟော့ကင်းက ပြောခဲ့ဖူးပါတယ်။ "ကမ္ဘာမြေပေါ်က လူ့ဘဝတွေက အမြဲတမ်း အန္တရာယ်ရှိနေတယ်လို့ ကျွန်တော်ယုံတယ်၊ ကမ္ဘာကြီး ရုတ်တရက် ပူနွေးလာမှု၊ နျူကလီးယားစစ်ပွဲ၊ ရောဂါဘယတွေနဲ့ အခြား အန္တရာယ်တွေက လူတွေကို ခြိမ်းခြောက်နေတယ်" လို့ ဟော့ကင်းက ဆိုခဲ့ပါတယ်။

play
နယ်လ်ဆင်မင်ဒဲလားနှင့် စတင်ဖင်ဟော့ကင်း တွေ့ဆုံစဉ်


ဟော့ကင်းက မကွယ်လွန်မီ လတ်တလောအတွင်းမှာ artificial intelligence (AI) နည်းပညာနဲ့ ပတ်သက်ပြီး သုံးသပ်မှုလည်း ပြုလုပ်ထားခဲ့ပါတယ်။ AI က ရောဂါဘယနဲ့ ဆင်းရဲမှုကို တိုက်ဖျက်ပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် အန္တရာယ်ရှိလာနိုင်တဲ့ အလားအလာကိုလည်း ဟော့ကင်းက ထောက်ပြခဲ့ပါတယ်။

play
ဟော့ကင်းနဲ့ ပထမဇနီး ဝီလ်ဒီတို့ကို ငယ်ရွယ်စဉ်က တွေ့ရစဉ်


"အတိုချုပ်ပြောရရင် AI ကို ဖန်တီးနိုင်ခဲ့တာက ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းသမိုင်းမှာ အကြီးမားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပါတယ်၊ AI က လူတွေအတွက် ကောင်းကျိုးတွေနဲ့အတူ အန္တရာယ်တွေကိုလည်း ဖြစ်စေနိုင်တာပဲ၊ ဥပမာ စွမ်းအားမြင့်တဲ့ အမျိုးအမည်မသိ လက်နက်တွေ၊ ဒါမှမဟုတ် လူအနည်းငယ်က လူအများအပြားကို ဖိနှိပ်ထိန်းချုပ်ထားနိုင်မှု စသဖြင့်ပေါ့" လို့ ၂၀၁၆ ခုနှစ်က ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ AI သုတေသနဌာန ဖွင့်ပွဲပြုလုပ်စဉ် ဟော့ကင်းက ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတအိုဘားမားက ဂုဏ်ထူးဆောင်ဆုချီးမြှင့်ရစဉ်


ဟော့ကင်းရဲ့ ဉာဏ်ပညာကြီးမှုဟာ ကမ္ဘာတစ်ဝှမ်းမှာလည်း ကျော်ကြားခဲ့ပါတယ်။ ဟော့ကင်းဟာ သိပ္ပံပညာရပ်အကြောင်း ပရိသတ်ကို ဟောပြောပို့ချရာမှာ ဟာသဉာဏ်ရွှင်ပြီး အပြောအဟောင်းကောင်းသူအဖြစ် သိထားကြပါတယ်။

ဟော့ကင်းရေးခဲ့တဲ့ ကမ္ဘာကျော်စာအုပ်

၁၉၈၈ ခုနှစ်မှာ ဟော့ကင်း ရေးသားထုတ်ဝေခဲ့တဲ့ 'A Brief History of Time' စာအုပ်က သိပ္ပံပညာရှင်မဟုတ်သူတွေကို စကြဝဋ္ဌာရဲ့ အခြေခံ သဘောတရားတွေကို ရှင်းပြထားခဲ့ပြီး အုပ်ရေ ၁၀ သန်းကျော်အထိ ရောင်းချခဲ့ရတဲ့ နိုင်ငံတကာမှာ အရောင်းရဆုံးစာအုပ် ဖြစ်လာခဲ့ပါတယ်။

play
ပထမဇနီး ဝီလ်ဒီ၊ သားသမီးသုံးဦးနှင့် အတူတွေ့ရသည့် ဟော့ကင်း


ဟော့ကင်းကိုလည်း ကမ္ဘာတစ်ဝှမ်းမှ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ထို့နောက် ၂၀၀၁ ခုနှစ်မှာလည်း 'The Universe in A Nutshell' အမည်ရှိ စာအုပ်ကို ဟော့ကင်းက ဆက်လက် ရေးသားထုတ်ဝေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဟော့ကင်းက ကလေးတွေအတွက်ရည်ရွယ်ပြီး ၎င်းရဲ့သမီးနဲ့အတူ 'George's Secret Key to the Universe' အမည်ရှိ စာအုပ်ကို ထုတ်ခဲ့ပါတယ်။

ထိုစာအုပ်မှာတော့ နေအဖွဲ့အစည်း အလုပ်လုပ်ပုံ၊ ဂြိုဟ်များအကြောင်း၊ တွင်းနက်များအကြောင်းနဲ့ အခြား အာကာသအကြောင်းတွေကို ရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ဟော့ကင်းရဲ့ အချစ်ဇာတ်လမ်းနဲ့ အိမ်ထောင်ရေး

ဟော့ကင်းဟာ ၁၉၆၅ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ဂျိန်းဝီလ်ဒီကို လက်ထပ်ခဲ့ပြီး ကလေးသုံးဦး ရှိခဲ့ပါတယ်။ ထို့နောက် ၂၅ နှစ်ကြာ ပေါင်းသင်းခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။ ဟော့ကင်း ဒုတိယအကြိမ်အဖြစ် သူနာပြုဟောင်း အီလီယာနီမတ်ဆန်ကို လက်ထပ်ခဲ့ပါတယ်။ သို့သော် ဟော့ကင်းက နှိပ်စက်ကြောင်း စွပ်စွဲမှုတွေရှိလာပြီးနောက် ကွာရှင်းခဲ့ကြပါတယ်။

play
ဟော့ကင်းနှင့် ဒုတိယဇနီး အီလီယာနီ


ဟော့ကင်းကတော့ နှိပ်စက်ခဲ့ကြောင်း စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။ ဟော့ကင်းနဲ့ ပထမဇနီးသည် ဝီလ်ဒီတို့ရဲ့ အချစ်ဇာတ်လမ်းကို ၂၀၁၄ ခုနှစ်မှာ 'The Theroy of Everything' အမည်ရှိ ရုပ်ရှင်ဇာတ်ကားထဲမှာ ခံစားရမှာဖြစ်ပါတယ်။ ထိုဇာတ်ကားမှာ စတီဖင်ဟော့ကင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဗြိတိန်မင်းသား အက်ဒီရက်ဒ်မေနီက အကောင်းဆုံးသရုပ်ဆောင် အော်စကာဆုရခဲ့ပါတယ်။

ဆပ်စက်ဖတ်ရှုရန် - ကမ္ဘာကျော် ရူပဗေဒသိပံ္ပပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD