AD
AD
AD

သြစတြေးလျနိုင်ငံမှ တောင်တက်သမားတစ်ဦးက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်စီမှာရှိတဲ့ အမြင့်ဆုံး တောင်ခုနစ်လုံးကို အမြန်ဆုံး တက်ရောက်နိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

play


သြစတြေးလျတောင်တက်သမား စတိဗ်ပလိန်း (Steve Plain) ဟာ ဧဝရတ်တောင်ထိပ်ကို မေလ ၁၄ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်မှာ အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။ ၎င်းဟာ ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်ရှိ အမြင့်ဆုံးတောင်ထိပ်ခုနစ်ခုကို ၁၁၇ ရက်အတွင်း တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play


စတိဗ်က ယခင် အဆိုပါ တောင်ခုနစ်လုံးကို အမြန်ဆုံးတက်ရောက်နိုင်သူအဖြစ် ပိုလန်နိုင်ငံသား ဂျနူဇ်ကိုချန်စကီး (Janusz Kochanski) တင်ထားခဲ့တဲ့ ၁၂၆ ရက်စံချိန်ထက် ၉ ရက်ပိုနည်းကာ စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။ စတိဗ်ရဲ့ GPS ခြေရာခံစနစ်ကလည်း ၎င်းနဲ့ လမ်းပြနှစ်ဦးဟာ ဧဝရတ်တောင်ထိပ် အမြင့်ပေ ၂၉,၀၃၀ မှာ ရောက်ရှိနေကြောင်း ညွန်ပြခဲ့တယ်လို့ ဆိုပါတယ်။

play


သြစတြေးလျနိုင်ငံသား စတိဗ်ဟာ ၂၀၁၄ ခုနှစ်က ပါ့သ်မြို့ Cottesloe ကမ်းခြေမှာ ရေလှိုင်းရိုက်ခတ်ခံရတဲ့ မတော်တဆမှုအတွင်း ကျောရိုးမနဲ့ လည်ပင်းရိုးတဲ့ဒဏ်ရာ ပြင်းထန်စွာရခဲ့ဖူးပါတယ်။ ထိုစဉ်က ၎င်းရဲ့ဒဏ်ရာ အခြေအနေကြောင့် တစ်သက်လုံး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေထိုင်သွားရနိုင်ကြောင်း ဆရာဝန်တွေက ပြောခဲ့ပါတယ်။

သို့သော် စိတ်ဓာတ်ကြံ့ခိုင်သူ စတိဗ်က ဒဏ်ရာကနေ ပြန်လည်ကောင်းမွန် နာလန်ထူလာခဲ့ပြီး လမ်းပြန်လျှောက်နိုင်တဲ့အပြင် တိုက်ကြီးခုနစ်တိုက်ရှိ အမြင့်ဆုံး တောင်ခုနစ်လုံးကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play


"ဆေးရုံကုတင်ပေါ်မှာလှဲနေပြီး မျက်နှာကြတ်ကိုကြည့်ရင်း ကျွန်တော် တွေးတောနေခဲ့မိတယ်၊ ကျွန်တော် လမ်းပြန်မလျှောက်နိုင်တော့ရင် ကျွန်တော်လုပ်ချင်တာတွေ မလုပ်နိုင်တော့ဘူးပေါ့၊ အဲဒီမှာတင်ပင် ပြန်လည် နာလန်ထူဖို့အတွက် အာရုံစိုက်လုပ်ဆောင်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်" လို့ စတိဗ်က ယမန်နှစ်အတွင်း ပြောခဲ့ပါတယ်။

Postby


ကျောရိုးမနဲ့ လည်ပင်းရိုးကျိုးတဲ့ ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ စတိဗ်က ယခုနှစ် ဇန်နဝါရီလမှစပြီး ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်မှာရှိတဲ့ အမြင့်ဆုံးတောင်တွေကို တက်ရောက်တဲ့ခရီးစဉ် စတင်ခဲ့ကြောင်း သိရပါတယ်။

စတိဗ် တက်ရောက်ခဲ့တဲ့ ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်ရှိ အမြင့်ဆုံးတောင်များ

- Vinson (အမြင့် ၁၆,၀၆၆ ပေ၊ အန္တာတိကတိုက်)
- Aconcagua (အမြင့် ၂၂,၈၄၀ ပေ၊ တောင်အမေရိကတိုက်)
- Kilimanjaro (အမြင့် ၁၉,၃၄၀ ပေ၊ အာဖရိကတိုက်)
- Carstensz Pyramid (အမြင့် ၁၆,၀၂၀ ပေ၊ သြစတြေးလျတိုက်)
- Elbrus (အမြင့် ၁၈,၅၁၀ ပေ၊ ဥရောပတိုက်)
- Denali (အမြင့် ၂၀,၃၁၀ ပေ၊ မြောက်အမေရိကတိုက်)
- Everest (အမြင့် ၂၉,၀၃၀ ပေ၊ အာရှတိုက်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD