AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပင်လယ်ကမ်းလွန်မှာ ရစ်(ခ်)တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ယနေ့ (မတ်လ ၂၆ ရက်) မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ ထုတ်ပြန်ပြီးမကြာမီ ပြန်ရုပ်သိမ်းခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ ငလျင်ဟာ ဘန်ဒါပင်လယ် (Banda Sea) အတွင်း မြေအောက်အနက် ၁၀၆ မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့ကြောင်း US Geological Survey က ဖော်ပြခဲ့ပါတယ်။

play


ငလျင်လှုပ်ခတ်ပြီးပြီးချင်း Indian Ocean Tsunami Warning and Mitigation System (IOTWMS) က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် IOTWMS က ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ပြီးမကြာမီ ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ မာလူကူပြည်နယ် အမ်ဘွန်မြို့မှ ၂၃၆ မိုင်အကွာ ဘန်ဒါပင်လယ်ပြင်အတွင်း လူနေနည်းပါးတဲ့ Tanimbar ကျွန်းစုဒေသမှာ ဖြစ်ခဲ့ပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု သတင်းများမရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

"ငလျင်လှုပ်သွားတာကို ဒေသခံတွေက နှစ်စက္ကန့်ကနေ သုံးစက္ကန့်လောက်ကြာတယ်လို့ ဒေသခံတွေက ပြောပါတယ်၊ ငလျင်ကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတော့ မဖြစ်ခဲ့ပါဘူး၊ ဆူနာမီအန္တရာယ်လည်း မရှိပါဘူး" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါဝိုက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

အဆိုပါငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နေရာအနီးမှာပင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်ကလည်း ရစ်(ခ်)တာစကေး ၆.၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းခေါ် ငလျင်လှုပ်ခတ်မှုများတဲ့ နေရာမှာတည်ရှိနေပြီး ငလျင်လှုပ်မှုတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

အင်ဒိုမှာ မကြာခဏ ဖြစ်ပွားတဲ့ ငလျင်လှုပ်မှုအများစုက ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော် နိုင်ငံတည်ရှိရာ အနေအထားအရ အင်ဒိုနီးရှားကျွန်းဆွယ်ဟာ ငလျင်လှုပ်မှုကြောင့် ဆူနာမီရေလှိုင်းအန္တရာယ်ကို သတိပြုနေရပါတယ်။

၂၀၀၄ ခုနှစ်အတွင်း ဆူမာတြားကမ်းလွန် ပင်လယ်ကြမ်းပြင်အောက်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ကြီးကြောင့် အလွန်မြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ကာ အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ငလျင်ကြီးနဲ့ ဆူနာမီကြောင့် အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာ သေဆုံးသူဦးရေ ၁၆၈,၀၀၀ ရှိခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD