AD
AD
AD

ပါပူးအာနယူးဂီနီနိုင်ငံ နယူးဗြိတိန်ကျွန်းမှာ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း US Geological Survey (USGS) က ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သေးပေမဲ့ မကြာမီမှာပင် ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

play


ငလျင်ဟာ ယနေ့ (မတ်လ ၃၀ ရက်) မြန်မာစံတော်ချိန် မနက် ၃ နာရီ ၅၅ မိနစ်မှာ နယူးဗြိတိန်ကျွန်းရှိ Rabaul မြို့မှ မိုင် ၁၀၀ အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း USGS က ပြောထားပါတယ်။

ငလျင်ဗဟိုပြုလှုပ်ခတ်တဲ့ နေရာဟာ မြေအောက်အနက် ၆ မိုင်ကျော်မှာ ဖြစ်တယ်လို့ USGS က အစောပိုင်းမှာ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မြေအောက်အနက် ၂၂ မိုင်နီးပါးမှာဖြစ်ကြောင်း ပြောင်းလဲဖော်ပြခဲ့ပါတယ်။

ပစိဖိတ်ဒေသ ဆူနာမီသတိပေးစင်တာက ငလျင်လှုပ်မှုကြောင့် အမြင့်တစ်ပေနီပါးမှ သုံးပေကျော်အထိရှိတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း ကနဦး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

play


ဆူနာမီသတိပေးစင်တာက ဆော်လမွန်းကျွန်းစုမှာလည်း သေးငယ်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ငလျင်ကြောင့် ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ပါတယ်။

ငလျင်လှုပ်မှုကို ဗဟိုချက်နေရာနဲ့ ၉၃ မိုင်ကွာဝေါ်တဲ့ Kokopo မြို့မှလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းများ မရှိခဲ့ကြောင်းနဲ့ ဗဟိုပြုလှုပ်ခတ်တဲ့နေရာဟာ အစွန်အဖျားဒေသမှာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အင်အားပြင်းထန်တဲ့ ယခုငလျင် မလှုပ်ခတ်မီ အစောပိုင်းမှာ ရစ်(ခ်)တာစကေး ၅.၃ နဲ့ ၅.၁ ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း USGS က ပြောပါတယ်။

play


ပါပူးအာနယူးဂီနီဟာ မိုင်ပေါင်း ၂,၄၈၅ မိုင် ရှည်လျားတဲ့ ပစိဖိတ်သြစတြေးလျ ကျောက်ထုလွှာပေါ်မှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုများ ဖြစ်လေ့ရှိပါတယ်။ ပစိဖိတ်သြစတြေးလျ ကျောက်ထုလွှာဟာ မီးကွင်း (Ring of Fire) ဧရိယာခေါ် ကမ္ဘာ့ကျောက်လွှာထုများ ပွတ်တိုက်မိကြတဲ့ နေရာမှာပါဝင်နေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ပါပူးအာနယူးဂီနီနဲ့ အိမ်နီးချင်း ဆော်လ်မွန်ကျွန်းစုမှာ ရစ်ခ်ျတာစကေး ၈.၀ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ရာ လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ ငလျင်နဲ့ ဆူနာမီကြောင့် ဆော်လ်မွန်ကျွန်းစုရှိ နေအိမ် ရာနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ကာ လူပေါင်းထောင်နဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD