တောင်အာဖရိကနိုင်ငံ ခရူဂါအမျိုးသားဥယျာဉ် (Kruger National Park) အနီးမှာ တောရိုင်းတိရိစ္ဆာန် ခိုးဖမ်းသူတစ်ဦး ခြင်္သေ့အုပ်စုနဲ့တွေ့ပြီး အစားခံလိုက်ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play
ခရူဂါအမျိုးသားဥယျာဉ်မှာ တွေ့ရသည့် ခြင်္သေ့အုပ်စု


ခြင်္သေ့အုပ်စုက ဝိုင်းစားထားပြီး ကျန်ရစ်ခဲ့တဲ့ ၎င်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို တောင်အာဖရိကမြောက်ပိုင်း Limpopo ပြည်နယ်ရှိ Hoedspruit မြို့ငယ်အနီးမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုဒေသမှာ လတ်တလော နှစ်များအတွင်း တောရိုင်းတိရိစ္ဆာန်များ တရားမဝင် သတ်ဖြတ်ခံရမှုတွေ မြင့်တက်နေကြောင်းလည်း သိရပါတယ်။

play
ခရူဂါအမျိုးသားဥယျာဉ်


"ခြင်္သေ့တွေ အစားခံခဲ့ရသူက ဒီ ဥယျာဉ်ထဲမှာ တောရိုင်းတိရိစ္ဆာန်တွေ ခိုးဖမ်းနေတုန်း ခြင်္သေ့အုပ်စုနဲ့တိုးပြီး ဝိုင်းကိုက်ခံရလို့ သေဆုံးခဲ့တာ ဖြစ်ပုံရပါတယ်၊ ခြင်္သေ့တွေက သူ့ကို တစ်ကိုယ်လုံးနီးပါကုန်အောင် စားပစ်လိုက်ကြတယ်၊ သူ့ရဲ့ဦးခေါင်းနဲ့ အချို့အစိတ်အပိုင်းတွေပဲ ကျန်နေခဲ့တာ တွေ့ရတယ်" လို့ Limpopo ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Moatshe Ngoepe က AFP သတင်းဌာနကို ပြောပါတယ်။

play
တောင်အာဖရိကခြင်္သေ့များ


စနေနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) မနက်ပိုင်းက ၎င်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တွေ့ရှိရတဲ့နေရာမှာ ရိုင်ဖယ်သေနတ်တစ်လက်ကိုလည်း တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ခြင်္သေ့အစားခံရသူကို မည်သူဖြစ်ကြောင်း သိရှိနိုင်ရန် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ယမန်နှစ်အတွင်းက Limpopo ပြည်နယ်အတွင်းမှာ ခြင်္သေအချို့ အဆိပ်မိသေဆုံးမှုတွေရှိခဲ့ပြီး ဦးခေါင်းနဲ့ လက်သည်းခြေသည်းတွေ ဖြတ်တောက်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ခြင်္သေ့တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တိုင်းရင်းဆေးဝါးများဖော်စပ်ရာမှာ အသုံးပြကြကြောင်း သိရပါတယ်။

play
ခရူဂါအမျိုးသားဥယျာဉ်


တောရိုင်းတိရိစ္ဆာန် ခိုးဖမ်းသူတွေက တောင်အာဖရိက အမျိုးသားဥယျာဉ်များရှိ ကြံ့များကို မကြာခဏ ပစ်မှတ်ထားခိုးဖမ်းလေ့ရှိပါတယ်။ ကြံ့ချိုတွေကို အစွမ်းထက် တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနေကြတဲ့ တရုတ်၊ ဗီယက်နမ်နဲ့ အခြား အာရှနိုင်ငံတွေထံမှ ဝယ်လိုအားမြင့်တက်နေကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video