AD
AD
AD

ဆီးရီးယားအမျိုးသားတစ်ဦးဟာ မလေးရှားလေဆိပ်မှာ သောင်တင်နေခဲ့တာ တစ်လကျော်ကြာခဲ့ပြီးဖြစ်ပြီး ၎င်းရဲ့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်တစ်ခု ဖြစ်တယ်လို့ ကိုယ်တိုင်ရိုက်ကူးလွှင့်တင်ခဲ့တဲ့ အွန်လိုင်းဗီဒီယိုတစ်ခုမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

play
ကွာလာလမ်ပူလေဆိပ်မှာ သောင်တင်နေသည့် ဟတ်ဆန်


ဟတ်ဆန် အယ်လ်ကွန်တာက ဒုက္ခရောက်နေရတဲ့ ၎င်းရဲ့အဖြစ်ကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗီဒီယိုရိုက်ကူးပြီး Twitter မှာ လွှင့်တင်ခဲ့ပါတယ်။ ဟတ်ဆန်ဟာ ကွာလာလမ်ပူလေဆိပ်ကို တန်ဖိုးနည်း လေကြောင်းလိုင်း လေယာဉ်ဖြင့် လွန်ခဲ့တဲ့ ၃၇ ရက်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

၎င်းက မလေးရှားမှတစ်ဆင့် အီကွေဒေါနိုင်ငံကို သွားရောက်ရန်စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အီကွေဒေါကို ဗီဇာမလိုအပ်ဘဲ သွားရောက်နိုင်မယ်လို့ ဟတ်ဆန်က မျှော်လင့်ခဲ့ပေမဲ့ လေကြောင်းလိုင်းတွေက ၎င်းကို လက်မှတ်ရောင်းမပေးခဲ့ပါဘူး။

play
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်


ထို့နောက် ဟတ်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့သေးပေမဲ့ ပြည်ဝင်ခွင့်မပေးခဲ့တာကြောင့် မလေးရှားကို မတ်လ ၇ ရက်မှာ ပြန်ရောက်လာခဲ့ပါတယ်။ မလေးရှားမှာလည်း သုံးလသက်တမ်း အလည်အပတ်ဗီဇာသက်တမ်း ကျော်လွန်နေပြီဖြစ်ရာ နိုင်ငံတွင်းကို ပြန်ဝင်ရောက်ခွင့် တားမြစ်ခံရပြီး လေဆိပ်မှာ သောင်တင်နေခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဟတ်ဆန်ဟာ ၎င်းရဲ့နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် အလုပ်လုပ်ခွင့် (work permit) ရုပ်သိမ်းခံခဲ့ရကာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကနေ မလေးရှားကို နှင်ထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

play
အွန်လိုင်းဗီဒီယိုမှာ တွေ့ရသည့် ဟတ်ဆန်


"ကျွန်တော် တစ်ယောက်တည်းဖြစ်နေပါတယ်၊ ဘယ်သူကမှလည်း ကျွန်တော့်ကို လက်မခံပါဘူး" လို့ ဟတ်ဆန်က ဗီဒီယိုထဲမှာ ပြောထားပါတယ်။ ဒါ့အပြင် "ကျွန်တော် ဘာလုပ်မှန်းမသိပါဘူး၊ လူ့အခွင့်အရေးအဖွဲ့အစည်း အားလုံးနီးပါးကိုလည်း ဆက်သွယ်ပြီးပါပြီ၊ သူတို့က ကျွန်တော့်ကို မကူညီနိုင်ဘူးလို့ ပြောပါတယ်၊ သူတို့လည်း ဘယ်လိုဖြေရှင်းပေးရမှန်း မသိဘူး၊ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်း မသိပါဘူး" လို့ ဟတ်ဆန်က ပြောပါတယ်။

play
ပြည်တွင်းစစ်ဖြစ်သည့် ဆီးရီးယားနိုင်ငံမှ အပျက်အစီး မြင်ကွင်းတစ်ခု


ဟတ်ဆန်ဟာ ဆီးရီးယားနိုင်ငံကိုလည်း ပြန်သွားနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ စစ်တပ်မှာ အမှုထမ်းခြင်းမပြုဘဲ ငြင်းဆန်ခဲ့တာကြောင့် ဆီးရီးယား အာဏာပိုင်တွေက ၎င်းကို အလိုရှိကြောင်း သိရပါတယ်။ ဟန်ဆန်က ဆီးရီးယားမှာ စစ်မှုမထမ်းလိုတာကြောင့် ၂၀၀၆ ခုနှစ်မှာ နိုင်ငံမှထွက်ခွာလာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ မိသားစုနဲ့ တွေ့ဆုံရန် ဆီးရီးယားသို့ တစ်ကြိမ်ပြန်သွားခဲ့ပါတယ်။

ဆီးရီးယားမှာ ၎င်းကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းထုတ်ထားဆဲ ဖြစ်တယ်လို့ ဟတ်ဆန်က ပြောပါတယ်။ "ကျွန်တော်က လူသားတစ်ယောက်ပါ၊ စစ်ပွဲမှာ ပါဝင်ရမယ်လို့ ကျွန်တော် မစဉ်းစားခဲ့ပါဘူး၊ ဒီစစ်ပွဲက ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်သလို ကျွန်တော့်စစ်ပွဲလည်း မဟုတ်ဘူး" လို့ ၎င်းက ဆိုပါတယ်။

play
ဆီးရီးယားသမ္မတ ဘရှား အယ်လ်အာဆတ်


ဒါ့အပြင် "ကျွန်တော်က လူသတ်စက်မဟုတ်မပါဘူး၊ ဆီးရီးယားကိုဖျက်ဆီးနေတဲ့ ဘယ်လိုအနေအထားကနေမှ ကျွန်တော် မပါဝင်ချင်ပါဘူး၊ ကျွန်တော့်လက်တွေ သွေးမစွန်းချင်ပါဘူး၊ စစ်ပွဲဆိုတာ ဘယ်တော့မှ အဖြေမဟုတ်ပါဘူး၊ ဒါပေမဲ့ ကံမကောင်းစွာပဲ အခု အဲဒီစစ်ပွဲအကျိုးဆက်ကို ကျွန်တော်ခံစားနေရပြီး ဒီမှာ သောင်တင်နေရပါတယ်" လို့ ဟတ်ဆန်က ဖွင့်ဟခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ယခုအချိန်ထိ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး စစ်ပွဲမှာပါဝင်ကူညီနေတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားမှာလည်း ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၅ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း လူပေါင်း ၃၅၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။


ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်းကတော့ ယခုဖြစ်ရပ်ကို သိရှိကြောင်းနဲ့ ဟတ်ဆန်နဲ့ သက်ဆိုင်ရာ အာဏာပိုင်များထံ ဆက်သွယ်ထားကြောင်း ပြောခဲ့ပါတယ်။ ကွာလာလမ်ပူလေဆိပ်နဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေက ဆက်သွယ်မေးမြန်းရာမှာ မှတ်ချက်တစ်စုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။

play
The Terminal ဇာတ်ကားမှ တွမ်ဟန့်ခ်


ဟတ်ဆန်ရဲ့အဖြစ်ဟာ နာမည်ကျော်မင်းသား တွမ်ဟန့်ခ် ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ 'The Terminal' ဇာတ်ကားကို အမှတ်ရစေတယ်လို့လည်း သတင်းတွေက ရေးသားကြပါတယ်။

'The Terminal' ဇာတ်ကားထဲမှ ဇာတ်ကောင်အမျိုးသားဟာ နယူးယော့ခ်လေဆိပ်မှာ ရောက်ရှိနေစဉ် ၎င်းရဲ့နိုင်ငံမှာ အစိုးရ ပြုတ်ကျသွားခဲ့ရာက ၎င်းရဲ့ စာရွက်စာတမ်းများ ခရီးသွားလာရန် အသုံးပြုမရတော့ဘဲ လေဆိပ်မှာသောင်တင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD