AD
AD
AD

ပြင်သစ်နိုင်ငံမှာ ပန်းချီဆရာ Étienne Terrus အထိမ်းအမှတ် ပြတိုက်တစ်ခုမှ ပန်းချီကားတွေဟာ အဆိုပါ ပန်းချီဆရာ ရေးဆွဲထားခဲ့တဲ့ ပန်းချီလက်ရာတွေမဟုတ်ဘဲ အတုများဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

play
ပန်းချီဆရာ Terrus နှင့် ၎င်းအထိမ်းအမှတ် ရုပ်တု


ပြင်သစ်တောင်ပိုင်း Elne ဒေသမှာ ဖွင့်လှစ်ထားတဲ့ Terrus အနုပညာပြတိုက်မှ ပန်းချီကား ၈၂ ခုဟာ ပန်းချီဆရာ Terrus ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အတုပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ပြတိုက်မှာ စုဆောင်းပြသထားတဲ့ Terrus ပန်းချီကားတွေအနက် ထက်ဝက်ကျော်ဟာ အတုတွေဖြစ်နေကြောင်း သိရပါတယ်။

အဆိုပါ ပန်းချီကားတွေကို ဝယ်ယူစုဆောင်းခဲ့မှု ကုန်ကျစရိတ်ဟာ ပေါင်စတာလင် ၁၄၀,၀၀၀ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သမိုင်းပညာရှင်တစ်ဦးက သတိပေးမှုမတိုင်မီအထိ ပြတိုက်ဝန်ထမ်းတွေက ပန်းချီကားတွေဟာ အတုဖြစ်နေကြောင်းကို လုံးဝ မသိခဲ့ကြပါဘူး။

play
Terrus လက်ရာ Collioure in the Pyrenees အမည်ရှိ ပန်းချီကား


Elne ကောင်စီအဖွဲ့က ပြတိုက်မှာထားရှိပြသရန်အတွက် ပန်းချီကားတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အချိန်က ဝယ်ယူခဲ့ကြခြင်း ဖြစ်ပါတယ်။ Perpignan မြို့အနီးရှိ Terrus ပြတိုက်မှ ပန်းချီကားတွေဟာ အတုဖြစ်နိုင်ကြောင်း Eric Forcada အမည်ရှိ အနုပညာဆိုင်ရာ သမိုင်းပညာရှင်က ပြတိုက်တာဝန်ရှိသူတွေကို ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ပြတိုက်တာဝန်ရှိသူတွေက ကျွမ်းကျင်သူတွေပါဝင်တဲ့ စစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာ ပြတိုက်မှာပြသထားတဲ့ ပန်းချီကား ၈၂ ကားဟာ Elne ဇာတိဖွား ပန်းချီဆရာ Terrus ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အတုတွေသာဖြစ်ကြောင်း ကောက်ချက်ချခဲ့တယ်လို့ သိရပါတယ်။

play
Terrus လက်ရာ Vue Cathédrale ပန်းချီကား


ပြတိုက်မှာ ပြသထားတဲ့ Terrus ရဲ့ ပန်းချီကားတွေဟာ အတုတွေဖြစ်နေကြောင်းကို ပြတိုက်တာဝန်ရှိသူတွေက သောကြာနေ့ (ဧပြီ ၂၇ ရက်) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယခုဖြစ်ရပ်အတွက် ပြတိုက်ကိုလာရောက်ကြည့်ရှုခဲ့ကြသူတွေကို တောင်းပန်ကြောင်းလည်း တာဝန်ရှိသူက ပြောခဲ့ပါတယ်။ Elne ဇာတိဖြစ်သူ ပန်းချီဆရာ Terrus ဟာ ၁၈၅၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၂၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD