ဒေသခံ ပန်းချီပညာရှင်အဖွဲ့တစ်ဖွဲ့က ရေးဆွဲခဲ့ကြပါတယ်။

မြန်မာနဲ့ထိုင်း နယ်စပ်အနီး Tham Laung ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုကို အောင်မြင်စွာကယ်ထုတ်ခဲ့မှုမှာ ပါဝင်ခဲ့ကြသူတွေကို လေးစားဂုဏ်ပြုမှုအဖြစ် The Heroes လို့ အမည်ပေးထားတဲ့ ပန်းချီကားကြီးတစ်ခုကို ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ ရေးဆွဲပြသထားခဲ့ကြပါတယ်။

The Heroes ပန်းချီကား (Photo: Getty Images)



အဆိုပါ အနုပညာလက်ရာကို ဒေသခံ ပန်းချီပညာရှင်အဖွဲ့တစ်ဖွဲ့က ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ ပန်းချီကားကြီးထဲမှာ တောဝက်ဘောလုံးအသင်းကို ကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီရင်း ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆမန်ခွန်းနမ် (Saman Kunan) ရဲ့ မျက်နှာပုံတူကို အထင်အရှား ဂုဏ်ပြုရေးဆွဲထားတာ တွေ့ရပါတယ်။

ကယ်ဆယ်ရေးမှာ ပါဝင်ကူညီရင်း သေဆုံးခဲ့တဲ့ ဆမန်ခွန်းနမ် (Photo: Getty Images/Poom Pui)

ဒါ့အပြင် အနုပညာရှင်တွေက ဆမန်ခွန်းနမ်ရဲ့ ပုံတူရုပ်တုတစ်ခုကိုလည်း ဖန်တီးဂုဏ်ပြုခဲ့ကြပါတယ်။ ကယ်ဆယ်ရေးမှာ ပါဝင်ကူညီရင်း သေဆုံးခဲ့တဲ့ ရေငုပ်သမား ဆမန်ခွန်းနမ်ပုံတူ ရုပ်တုအောက်ခြေမှာ တောဝက်ဘောလုံးအသင်းမှ ယောက်ျားလေး ၁၂ ဦးကို ကိုယ်စားပြုတဲ့အနေနဲ့ ဝက်ပုံတူလေးတွေကိုလည်း ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။

သြစတြေးလျရေငုပ်သမား ရစ်ချတ်ဟာရစ် (Photo: Getty Images/Gavin Newman)

တောဝက်ဘောလုံးအသင်းမှ အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် နည်းပြဖြစ်သူတို့ဟာ ဇွန်လ ၂၃ ရက်မှာ ဘောလုံးလေ့ကျင့်ပြီးနောက် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဧရိယာအတွင်းရှိ Tham Laung ဂူထဲကို ဝင်ရောက်ခဲ့ရာက ဂူအတွင်း ရေများဝင်ရောက်လာတာကြောင့် ဂူထဲကနေပြန်မထွက်နိုင်ဘဲ ပိတ်မိခဲ့ကြပါတယ်။

ဗြိတိန်ရေငုပ်သမားဂျွန် (Photo: Getty Images/AFP)

ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြတဲ့ လူငယ်အုပ်စုကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲကနေ ကယ်ထုတ်ရန်အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ တစ်သုတ်ပြီးတစ်သုတ် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ဇူလိုင် ၁၉ ရက်မှာ ဆေးရုံမှဆင်းပြီး ၎င်းတို့အိမ်တွေကို ပြန်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗြိတိန်ရေငုပ်သမား ရစ်ချတ်စတန်တန် (Photo: Getty Images/AFP)

ဂူထဲမှာ ပိတ်မိခဲ့ကြတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်များက ဆေးရုံမှဆင်းတဲ့ ဇူလိုင် ၁၉ ရက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ၎င်းတို့ရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။ လူငယ်အုပ်စုဟာ ဂူထဲကို ဝင်ရောက်သွားစဉ် အစားအစာများ ယူဆောင်သွားခဲ့ခြင်းမရှိဘဲ ရေကြီးမှုကြောင့် ပိတ်မိနေခဲ့စဉ် ဗိုက်ဆာလာပါက ကျောက်စက်ပန်းဆွဲမှ စီးကျလာတဲ့ရေကိုသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး (Photo: Getty Images)

ချင်းရိုင်းမှာ ပြသထားတဲ့ ပန်းချီကားကြီးအတွင်း လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတဲ့ သြစတြေးလျ ရေငုပ်သမား ရစ်ချတ်ဟာရစ်၊ ဗြိတိန်ရေငုပ်သမားတွေ ဖြစ်ကြတဲ့ ဂျွန်ဗိုလန်သန်း၊ ရစ်ချတ်စတန်တန်၊ ရောဘတ် ချားလစ်ဟာပါးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့သူ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ်တို့ရဲ့ မျက်နှာပုံတူတွေကိုလည်း ဂုဏ်ပြုရေးဆွဲထားကြောင်း သိရပါတယ်။

The Heroes ပန်းချီကားကြီးကို ရေးဆွဲနေစဉ် (Photo: Getty Images)

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့မှုကို ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။ 

 

Share

Loading Next Article...
က္က