နယူးယော့ခ်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွား


အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မက်ဟတ်တန် (Manhattan) ရှိ လူအသွားအလား စည်ကားများပြားတဲ့ ဘတ်စ်ကားဂိတ်အောက်ဘက် မြေအောက်လမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောပါတယ်။

play


ပေါက်ကွဲမှုဟာ တနင်္လာနေ့ (ဒီဇင်ဘာ ၁၁ ရက်) မနက်ပိုင်းက နယူးယော့ခ်မြို့ရှိ Times Square အနီး ဆိပ်ကမ်းနဲ့ အခြားသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ရုံး (Port Authority) အောက်ဘက်ရှိ မြေအောက်လမ်းမှာ ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

play
အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်လူမျိုး အူလာ


ယခုဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း နယူးယော့ခ်မြို့တော်ဝန်က ပြောကြားခဲ့ပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ်စိုးရိမ်ရခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ သံသယရှိသူ အမျိုးသားလည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play
အကြမ်းဖက်သမားတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် အူလာကို ဖမ်းဆီးထားစဉ်


အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း သံသယရှိသူအဖြစ် ဖမ်းဆီးထားသူဟာ အသက် ၂၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်လူမျိုး အက်ကေယက်ဒ် အူလာဖြစ်ပြီး ပိုက်လုံးဗုံးကို ၎င်းရဲ့ခန္ဓာကိုယ်မှာ တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ အူလာရဲ့ ဝမ်းဗိုက်၊ လက်နဲ့ အခြားနေရာတွေမှာ လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ကြောင်း နယူးယော့ခ်ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိမ်းစ်အိုနေးလစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play


နယူးယော့ခ်အခြေစိုက် WABC သတင်းဌာနက ဖော်ပြခဲ့မှုအရ ပိုက်လုံးဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဘတ်စ်ကားဂိတ်နေရာကို ယာယီပိတ်ပင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နယူးယော့ခ်ရှိ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရုံးအောက်ဘက် မြေအောက်လမ်းတစ်နေရာမှာ ပေါက်ကွဲမှုဖြစ်ကြောင်းနဲ့ အဆိုပါနေရော အနီးတဝိုက်ကို သွားလာခြင်းမပြုကြရန် ရဲတပ်ဖွဲ့က ပြောထားပါတယ်။

play


ယခု ပေါက်ကွဲမှုဖြစ်ရပ်ကို သမ္မတဒေါ်နယ်ထရန့်ကို အကြမ်းဖျင်း အစီရင်ခံထားကြောင်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာက သူမရဲ့ Twitter မှာ ရေးသားထားပါတယ်။

နယူးယော့ခ်မှာ ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့တဲ့ အူလာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှဖြစ်ပြီး ၂၀၁၁ ခုနှစ်က ၎င်းရဲ့မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ အမေရိကန်ကို ရွှေ့ပြောင်းခိုလှုံလာခဲ့သူ ဖြစ်တယ်လို့ CBS News က ဖော်ပြပါတယ်။

play
အူလာရဲ့နေအိမ်နှင့် ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးစဉ်


ထို့နောက် နယူးယော့ခ်မြို့ ဘရွတ်ကလင်းမှာ အမြဲတမ်းနေထိုင်ခွင့်ရခဲ့ကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က နောက်ဆုံးအကြိမ် ပြန်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အူလာဟာ ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၅ ခုနှစ် မတ်လအထိ တက္ကစီယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ခဲ့ကြောင်း The New York City Taxi and Limousine Commission က ဆိုပါတယ်။ သို့သော် ၎င်းက နယူးယော့ခ်ရှိ အဝါရောင်တက္ကစီ သို့မဟုတ် Uber တက္ကစီ မောင်းနှင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

play


နယူးယော့ခ်မြို့မှာ လွန်ခဲ့တဲ့ ၂ လမပြည့်မီကလည်း ဥဇဘက်ကစ္စတန်မှ ရွှေ့ပြောင်းခိုလှုံသူတစ်ဦးက ငှားရမ်းလာတဲ့ ပစ်ကပ်ထရပ်ကားသုံးပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောထားပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်း နယူးယော့ခ်မြို့ ချယ်လ်ဆီးအရပ်ဒေသမှာ အမျိုးသားတစ်ဦးက အိမ်လုပ်ဗုံး ဖောက်ခွဲခဲ့မှုကြောင့် လူ ၂၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ဖူးကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video