AD
AD
AD

ဆီးရီးယားပြည်တွင်းစစ်အတွင်း သူပုန်များထိန်းချုပ်ရာမြို့ကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြု ပြောကြားပါတယ်။ ထရန့်က ဆီးရီးယားကိစ္စ အာရုံစိုက်ရန်အတွက် ၎င်းရဲ့ ပထမဆုံး လက်တင်အမေရိက ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

play
ဒူမာမြို့တိုက်ခိုက်မှုအပြီး အသက်ရှူရခက်နေသည့် ကလေးငယ်များ


သမ္မတထရန့်က ပီရူးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Summit of the Americas and then Colombia အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ ယခုအခါမှာတော့ ၎င်းကိုယ်စား ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ကိုသာ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာဖြစ်ခဲ့တဲ့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအပေါ် အနောက်အုပ်စုခေါင်းဆောင်တွေ အနေနဲ့ မည်သို့ တုံ့ပြန်အရေးယူမယ်ဆိုတာကို စဉ်းစား ဆုံးဖြတ်သွားမယ်လို့ ထရန့်က ပြောပါတယ်။

"ကျွန်တော်တို့မှာ စစ်ရေးအရ အရေးယူဖို့ ရွေးချယ်မှုတွေ အများကြီးရှိပါတယ်" လို့ သမ္မတထရန့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မည်သို့ တုံ့ပြန်အရေးယူမည်ကို အမြန်ဆုံး ဆုံးဖြတ်သွားမယ်လို့လည်း ထရန့်က ဆိုပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အပြင်ဘက် အရှေ့ဂူတားဒေသရှီ သူပုန်များထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန်မြို့ ဒူမာကို စနေနေ့ (ဧပြီ ၇ ရက်) မှာ တိုက်ခိုက်ခဲ့မှုအတွက် မည်သူ့မှာတာဝန်ရှိကြောင်း အထောက်အထားအချို့ကိုလည်း အမေရိကန်က ရရှိထားကြောင်း သိရပါတယ်။

ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဧပြီ ၇ ရက် တိုက်ခိုက်မှုအတွင်း လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်းနဲ့ အရေအတွက် အတိအကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။

အစောပိုင်း သတင်းတွေကတော့ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း သံသယရှိရတဲ့ အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

play
ပြင်သစ်သမ္မတမက်ခ်ရွန်


ဆီးရီးယားမှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်အရေးယူရန်အတွက် သမ္မတထရန့်က ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခ်ရွန်နဲ့ တနင်္လာနေ့ (ဧပြီ ၉ ရက်) နှောင်းပိုင်းမှာ ဆွေးနွေးခဲ့ပြီး နှစ်ဦးလုံးက ပြင်းထန်တဲ့ တုံ့ပြန်အရေးယူမှု လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြင်သစ်သမ္မတနန်းတော် (Elysee Palace) က သတင်းထုတ်ပြန်ပါတယ်။

ပြင်သစ်သမ္မတမက်ခ်ရွန်က ဆီးရီးယားမှာ ဓာတုလက်နက်သုံးခဲ့ကြောင်း အထောက်အထားရှိခဲ့ပါက တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပြောထားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကလည်း ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရန်အတွက် ပြင်သစ်သမ္မတမက်ခ်ရွန်နဲ့ ယနေ့ ဆွေးနွေးသွားမှာဖြစ်ပြီး အမေရိကန်သမ္မတ ထရန်နဲ့လည်း ယနေ့နှောင်းပိုင်းမှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ


အမေရိကန်သမ္မတထရန့်က ဧပြီ ၇ ရက် ဒူမာမြို့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး  ၎င်းရဲ့ Twitter မှာ ဆီးရီးယားသမ္မတ အာဆတ်နဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ ရုရှားနဲ့ အီရန်တို့ကို ပြစ်တင်ရှုတ်ချကြောင်း ဆက်တိုက်ရေးသားခဲ့ပြီး အာဆတ်ကိုလည်း တိရိစ္ဆာန်တစ်ကောင်အဖြစ်ပင် သုံးနှုန်းပြောဆိုခဲ့ပါတယ်။

ဆီးရီးယားမှာ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းကလည်း သူပုန်များထိန်းချုပ်ထားတဲ့ ခန်းရှိတ်ခ်ဟွန်း (Khan Sheikhoun) မြို့ကို ဆာရင် (Sarin) အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ကုလသမဂ္ဂနဲ့ ဓာတုလက်နက်တားမြစ်ပိတ်ပင်ရေး အဖွဲ့အစည်းက ပူးပေါင်းစစ်ဆေးခဲ့ရာ ဆီးရီးယားအစိုးရမှာ တာဝန်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ထိုစဉ်က ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်အရေးယူမှုအဖြစ် သမ္မတထရန့်က ဆီးရီးယား လေတပ်အခြေစိုက်စခန်းတစ်ခုကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

- ဆီးရီးယားမှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ထရန့် သတိပေး

- ဆီးရီးယားမှာ သူပုန်ထိန်းချုပ်ရာမြို့ကို ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးဟုဆို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD