AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စင်ကာပူမှာ ထိပ်သီးတွေ့ဆုံပွဲဟာ မူလက စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်လာနိုင်သေးတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယနေ့ (မေလ ၂၅ ရက်) ပြောကြားလိုက်ပြန်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်


"ကျွန်တော်တို့ ဘာဖြစ်လာမလဲ ကြည့်ရမှာပါ၊ ကျွန်တော်တို့ သူတို့နဲ့ အခု ဆွေးနွေးညှိနှိုင်းနေပါတယ်၊ ကျွန်တော်တို့ လုပ်ဆောင်ချင်သလို ဇွန် ၁၂ ရက်မှာတောင် ထိပ်သီးတွေ့ဆုံမှု ဖြစ်လာနိုင်ပါတယ်" လို့ ထရန့်ကဆိုပါတယ်။

အမေရိကန်သမ္မတထရန့်က ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ သတင်းထောက်တွေကို ထိုသို့ ပြောကြားလိုက်ပြန်တာ ဖြစ်ပါတယ်။

ထရန့်က ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ စာတစ်စောင်ပေးပို့ခဲ့ရာ ၎င်းအနေနဲ့ တစ်နေ့နေ့မှာ ကင်မ်ဂျုံအန်ကို တွေ့ဆုံရန် မျှော်လင့်နေဆဲ ဖြစ်တယ်လို့လည်း ရေးသားထားခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်ထံသို့ ဒေါ်နယ်ထရန့် ပေးပို့ခဲ့သည့်စာ


ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းရခြင်းဟာ မြောက်ကိုရီးယားနိုင်ငံက လတ်တလော ထုတ်ပြန်မှုတစ်ခုမှာ ဒေါသတကြီးနဲ့ ပြောင်ပြောင်တင်းတင်း ရန်လိုမှုတို့ ပါဝင်နေခဲ့တာကြောင့် ဖြစ်တယ်လို့ အမေရိကန်သမ္မတထရန့်က ပြောခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်က ဖျက်သိမ်းလိုက်ပြီးနောက် မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်းနဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြယ်သွားရခြင်းကို အလွန်ဝမ်းနည်းမိကြောင်း မြောက်ကိုရီးယားက ယနေ့ အစောပိုင်းမှာ ပြောခဲ့တယ်။

play
Kim Kye Gwan


"အမေရိကန်က ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ရုတ်တရက်ကြေညာလိုက်တာက ကျွန်တော်တို့အတွက် မျှော်လင့်မထားတဲ့ အခြေအနေပါ၊ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူး၊ ဒါပေမဲ့ အလွန်ဝမ်းနည်းစရာကောင်းပါတယ်" လို့ မြောက်ကိုရီးယား ပထမ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

play
နျူကလီးယားစမ်းသပ်စခန်းကို ဖောက်ခွဲဖျက်ဆီးခဲ့စဉ်


မြောက်ကိုရီးယားက မေလ ၂၄ ရက်မှာလည်း အစောပိုင်း ကတိပြုပြောကြားထားခဲ့အတိုင်း ၎င်းရဲ့ နျူကလီးယားစမ်းသပ်စခန်း ဥမင်လှိုဏ်ခေါင်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ယခုနောက်ဆုံး သမ္မတထရန့်က ကင်မ်ဂျုံအန်နဲ့ ထိပ်သီးတွေ့ဆုံပွဲ ဖြစ်မြောက်လာနိုင်သေးကြောင်း ပြောကြားခဲ့ပြန်ရာ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်လာခြင်းရှိ မရှိ ဆက်လက် စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD