AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မူးယစ်ဆေးဝါး ရောင်းချသူတွေကို သေဒဏ်ချအထိ ပြစ်ဒဏ်ချမှတ်ရန် တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်မှာ နာကျင်ကိုက်ခဲပျောက်ဆေးတွေကို မူးယစ်ဆေးအဖြစ်သုံးစွဲမှု တိုက်ဖျက်ရေး အကောင်အထည်ဖော်နေကြောင်းလည်း သိရပါတယ်။

play
နယူးဟမ့်ရှိုင်းယားမှာ မိန့်ခွန်းပြောနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ထရန့်က အကိုက်အခဲပျောက်ဆေးကို မူးယစ်ဆေးအဖြစ် အသုံးပြုမှုအများဆုံး ဖြစ်နေတဲ့ နယူးဟမ့်ရှိုင်းယား ပြည်နယ်မှာ မိန့်ခွန်းပြောကြားစဉ် မူးယစ်ဆေးဝါးရောင်းချသူတွေကို သေဒဏ်ချမှတ်ရန် တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးအဖြစ် သုံးစွဲနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို opioids လို့ ခေါ်ဝေါ်ကြပါတယ်။

၎င်းတို့ အစိုးရအဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး ရောင်းချသူတွေက သေဒဏ်ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်ရေး လုပ်ဆောင်နေကြောင်း၊ သို့သော် နိုင်ငံရေးနဲ့ တရားစီရင်ရေးအရ ကန့်ကွက်မှုတွေကို ရင်ဆိုင်ရာမှာဖြစ်ကြောင်းလည်း ထရန့်က ပြောပါတယ်။

play
မူးယစ်ဆေးအသုံးလွန်ပြီး သတိလစ်နေသူတစ်ဦး


အမေရိကန်မှာ မူးယစ်ဆေးစွဲနေသူ ၂.၄ သန်းရှိတယ်လို့ ခန့်မှန်ထားပြီး ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးကြောင့် လူ ၆၃,၆၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။ "မူးယစ်ဆေးဝါးရောင်းချသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်မချဘူးဆိုရင် ကျွန်တော်တို့ အချိန်ဖြုန်းရာရောက်ပါတယ်၊ သူတို့အတွက် ပြင်းထန်တဲ့ပြစ်ဒဏ်ဆိုတာ သေဒဏ်လည်းပါဝင်ပါတယ်" လို့ သမ္မတထရန့်က ပြောပါတယ်။

ယခုလအတွင်းက ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လူထုအစည်းအဝေးမှာလည်း မူးယစ်းဆေးဝါးရောင်းချသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ရန် ထရန့်က အကြံပြုခဲ့ပါသေးတယ်။ "ကျွန်တော်တို့ မူးယစ်ဆေးရောင်းသူတွေကို သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေပြင်ဆင်မှုကို လုပ်ဆောင်နေပါတယ်၊ တရားရေးဌာနက ဒီကိစ္စကို အားစိုက်လုပ်ဆေင်နေပါတယ်" လို့ ထရန့်က ဆိုပါတယ်။

မည်သို့ဖြစ်စေ ယခုကဲ့သို့ ဥပဒေပြင်ဆင်မှု ပြုလုပ်နိုင်ရန် လွှတ်တ်ာမှာ အတည်ပြုချက်ရယူရန် လိုအပ်မှာဖြစ်ပါတယ်။ သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေပြင်ဆင်မှုကို အမေရိကန်လွှတ်တော်က အတည်ပြုပေးနိုင်ဖွယ်မရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။ အကယ်၍ လွှတ်တော်က အတည်ပြုပေးလိုက်ပါက မူးယစ်ဆေးရောင်းချသူတွေကို သေဒဏ်ချမှတ်တဲ့ အမှုအခင်းတစ်ခုဟာ တရားရုံးမှာ နှစ်အတန်ကြာ အမှုရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD