AD
AD
AD

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ သူပုန်များထိန်းချုပ်ထားတဲ့မြို့ကို ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း သံသယဖြစ်ဖွယ် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားသမ္မတ ဘရှား အယ်လ်အာဆတ်နဲ့ ၎င်းရဲ့မဟာမိတ် ရုရှားနဲ့ အီရန်နိုင်ငံတို့ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

play
ဓာတုအဆိပ်သင့်မှုလက္ခဏာ ခံစားနေရသည့် ကလေးအချို့


ဒ့ါအပြင် သမ္မတထရန့်က ယခုတိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့လည်း အာဆတ်နဲ့ မဟာမိတ်တို့ကို သတိပေးလိုက်ပါတယ်။ စနေနေ့ (ဧပြီ ၇ ရက်) က အရှေ့ဂူတားဒေသ (Eastern Ghouta) ရှိ သူပုန်များ ထိန်းချုပ်ထားတဲ့ ဒူမာမြို့ (Douma) ကို ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခဲ့မှုအဖြစ် သံသယဖြစ်ဖွယ် တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။

play
ဓာတုအဆိပ်သင့်မှုလက္ခဏာ ခံစားနေရသည့် ကလေးတစ်ဦး


အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးရန် ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ဓာတုလက်နက်များ အသုံးပြုခြင်းဟာ တရားမျှတမှုမရှိကြောင်း ပြောခဲ့ပါတယ်။ ဆီးရီးယားနဲ့ ရုရှား နှစ်နိုင်ငံလုံးကတော့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ White Helmets အဖွဲ့ရဲ့ မှတ်တမ်းဗီဒီယို၊ ဓာတ်ပုံတွေအရ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးများ အပါအဝင် လူအများအပြားဟာ ၎င်းတို့နေအိမ်အတွင်း သေဆုံးနေတာတွေ့ရပါတယ်။

play
ဒူမာမြို့မှာ တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်


သေဆုံးနေသူတွေအနက် အများအပြားရဲ့ ပါးစပ်တွေမှာ အမြုပ်များထွက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အခြား ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာလည်း အသက်ရှူရခက်ခဲနေတဲ့ လူကြီးတွေနဲ့ ကလေးငယ်တွေကို ယာယီ ဆေးကုသရေးနေရာမှာ အောက်စီဂျင်ပေးထားမှုနဲ့ ဆေးကုသပေးနေတာ တွေ့ရပါတယ်။

အရှေ့ဂူတားဒေသမှာ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ The Union of Medical Care and Relief Organizations အဖွဲ့က ဧပြီ ၇ ရက် တိုက်ခိုက်မှုကြောင့် လူ ၇၀ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

play
တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူတစ်ဦး


အမေရိကန်အခြေစိုက် Syrian American Medical Society ရဲ့ ပြောကြားမှုအရ ဓာတုအဆိပ်သင့်တဲ့ လက္ခဏာများဖြင့် သေဆုံးခဲ့သူ ၄၈ ဦးထက်မနည်းရှိကြောင်း သိရပါတယ်။ ဒ့ါအပြင် အလားတူ အဆိပ်သင့်ခံရတဲ့ လက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ ယာယီဆေးကုသရေး နေရာတွေကို လူ ၅၀၀ ကျော် ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Twitter မှာ ရေးသားထားမှု


အမေရိကန်သမ္မတထရန့်က ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့ Twitter မှာ ပြစ်တင်ရှုတ်ချကြောင်း ဆက်တိုက်ရေးသားခဲ့ပြီး ဆီးရီးယားသမ္မတ အာဆတ်ကိုလည်း တိရိစ္ဆာန်တစ်ကောင်အဖြစ်ပင် သုံးနှုန်းပြောဆိုခဲ့ပါတယ်။ စနေနေ့က တိုက်ခိုက်ခံရတဲ့ ဒူမာမြို့ဟာ ဒမတ်စကက်မြို့တော်အပြင်ဘက် အရှေ့ဂူတားဒေသမှာ သူပုန်များထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန်နေရာလည်း ဖြစ်ပါတယ်။

play
ဆီးရီးယားသမ္မတ ဘရှား အယ်လ်အာဆတ်


ဆီးရီးယားမှာ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းကလည်း သူပုန်များထိန်းချုပ်ထားတဲ့ ခန်းရှိတ်ခ်ဟွန်း (Khan Sheikhoun) မြို့ကို ဆာရင် (Sarin) အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ကုလသမဂ္ဂနဲ့ ဓာတုလက်နက်တားမြစ်ပိတ်ပင်ရေး အဖွဲ့အစည်းက ပူးပေါင်းစစ်ဆေးခဲ့ရာ ဆီးရီးယားအစိုးရမှာ တာဝန်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

play
ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ


ထိုစဉ်က ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်အရေးယူမှုအဖြစ် သမ္မတထရန့်က ဆီးရီးယား လေတပ်အခြေစိုက်စခန်းတစ်ခုကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်စေခဲ့ပါတယ်။ ယခုတစ်ကြိမ် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ထရန့်က သတိပေးခဲ့ရာ အမေရိကန်အနေနဲ့ တုံ့ပြန်အရေးယူမှုအဖြစ် ဆီးရီးယားပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD