AD
AD
AD

အိန္ဒိယမှာ ၂၄ နာရီအတွင်း သတင်းထောက်နှစ်ဦး ကားဖြင့်တိုက်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၂၆ ရက်မှာ ပြောပါတယ်။ သီးခြားစီ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်နှစ်ခုက အိန္ဒိယနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နေရာတစ်ခုဖြစ်ကြောင်း ထင်ဟပ်စေခဲ့တယ်လို့ သတင်းတွေက ဝေဖန်ရေးသားခဲ့ပါတယ်။

play
ကားဖြင့်တိုက်သတ်ခံရသည့် အိန္ဒိယသတင်းထောက်နှစ်ဦး


အိန္ဒိယရဲတပ်ဖွဲ့က ဘီဟာပြည်နယ်မှ ကျေးရွာအကြီးအကဲဟောင်းတစ်ဦးကို ဟင်ဒီဘာသာဖြင့် ထုတ်ဝေနေတဲ့ Dianik Bhaskar သတင်းစာရဲ့ သတင်းထောက် နာဗင်နစ်ချဲလ်ကို ကားဖြင့်တိုက်သတ်ခဲ့မှုဖြင့် ယမန်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

အခြား ဖြစ်ရပ်တစ်ခုမှာ ရုပ်မြင်သံကြားသတင်းထောက် စန်ဒိပ်ရှာမာကို အိန္ဒိယအလယ်ပိုင်း မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်မှာ ထရပ်ကားဖြင့်တိုက်ပြီး မောင်းပြေးခဲ့မှုဖြစ်ပါတယ်။

ဘီဟာပြည်နယ်ဖြစ်ရပ်မှာ သတင်းထောက် နစ်ချဲလ်နဲ့ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက် ဗီဂျေဆင်းတို့က  မြို့တော်ပတ္တနာမှ မိုင် ၅၀ အကွာ Bhojpur မှာ မော်တော်ဆိုင်ကယ်ဖြင့် စီးနင်းသွားနေစဉ် ကားတိုက်ခံခဲ့ရပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံးသူ သတင်းထောက်နစ်ချဲလ်ရဲ့ အကိုဖြစ်သူက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြိးနောက် ကျေးရွာအကြီးအကဲဟောင်းဖြစ်သူ မိုဟမ်မက်ဟာစူကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

play
နယူးဒေလီမှာ သတင်းထောက်များ ဆန္ဒပြစဉ်


"သေဆုံးသူရဲ့အကိုက သတင်းထောက်နစ်ချဲလ်နဲ့ ကျေးရွာအကြီးအကဲဟောင်းတို့ဟာ အခင်းမဖြစ်မီတစ်ရက်က စကားများခဲ့ကြောင်း ပြောပါတယ်" လို့ Bhojpur ရဲတပ်ဖွဲ့မှ Avkash Kumar က AFP သတင်းဌာနကို ပြောပါတယ်။ ရဲတပ်ဖွဲ့က ကျေးရွာအကြီးအကဲဟောင်းကို လူသတ်မှုဖြင့် စွဲချက်တင်ထားပြီး ၎င်းရဲ့သားဖြစ်သူကိုလည်း ဖမ်းဆီးရန် လိုက်လံရှာဖွေနေပါတယ်။

အိန္ဒိယသတင်းတွေမှာ ဖော်ပြမှုအရ ကျေးရွာအကြီးအကဲ မိုဟမ်မက်ဟာစူနဲ့ သားဖြစ်သူတို့ဟာ သတင်းထောက်ကို ကားဖြင့်တိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်းနဲ့ ၎င်းတို့ရဲ့ကားကို ဒေသခံတွေက မီးရှို့ပစ်ခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် ကားဖြင့်တိုက်သတ်ခံရတဲ့ အသက် ၃၅ နှစ်အရွယ် ရုပ်သံသတင်းထောက် ရှာမာကတော့ တရားမဝင် သဲရောင်းဝယ်မှုသတင်းကို စုံစမ်းနေခဲ့သူ ဖြစ်ပါတယ်။ အဆိုပါ ရုပ်သံသတင်းထောက်က ၎င်းကို သဲအရောင်းအဝယ်ဂိုဏ်းက အသက်အန္တရာယ်ပြုနိုင်တာကြောင့် ကြောက်ရွံ့ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေထံ ဖွင့်ဟပြောခဲ့တယ်လို့ ဆိုပါတယ်။

play


သတင်းထောက်ရှာမာရဲ့ တူဖြစ်သူက ယခုအမှုကို ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ထားကြောင်း Press Trust of India သတင်းဌာနက ပြောပါတယ်။ မတ်လ ၂၆ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သတင်းထောက်ရှာမာ ကားတိုက်ခံရမှုကို CCTV မှတ်တမ်းတစ်ခုမှာ တွေ့ခဲ့ရပြီး ဆိုရှယ်မီဒီယာမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

CCTV မှတ်တမ်းအရ သတင်းထောက်က လမ်းရဲ့အခြားတစ်ဖက်မှာ လမ်းလျှောက်သွားနေစဉ် ထရပ်ကားက ရုတ်တရက်ကွေ့ကာ ၎င်းကို ဝင်တိုက်ခဲ့တာ တွေ့ရပါတယ်။

ထရပ်ကားဖြင့်အတိုက်ခံရပြီး သေဆုံးခဲ့တဲ့ သတင်းထောက်ရှာမာက တရားမဝင် သဲတူးဖော်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးကြား ဆက်နွယ်မှုတွေကို စုံစမ်းထောက်လှမ်းပြီး သတင်းတင်ဆက်ခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ပြောပါတယ်။

အိန္ဒိယမှာ ၂၀၁၇ ခုနှစ်အတွင်းကလည်း သတင်းထောက်သုံးဦး အသတ်ခံခဲ့ရကြောင်း သိရပါတယ်။ အိန္ဒိယသတင်းထောက်တွေဟာ ရဲတပ်ဖွဲ့၊ နိုင်ငံရေးသမားများနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ နှောင့်ယှက်တိုက်ခိုက်မှု၊ ကျိုးကြောင်းမညီတဲ့ တရားစွဲဆိုမှုနဲ့ ခြိမ်းခြောက်မှုတို့ မကြာခဏ တွေ့ကြုံရလေ့ရှိပါတယ်။

နယူးဒေလီမှာ ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားများဆန္ဒပြမှုကို သတင်းရယူခဲ့တဲ့ အမျိုးသမီး သတင်းထောက်နှစ်ဦးကို ဒေလီရဲတပ်ဖွဲ့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မီဒီယာနဲ့ လူ့အခွင့်အရေးအုပ်စုများက ဆန္ဒပြခဲ့ကြကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD