AD
AD
AD

ကနေဒါနိုင်ငံ မစ္စဆာအူဂါမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အိမ်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ Bombay Bhel စားသောက်ဆိုင်ထဲကို အမျိုးသားနှစ်ဦး ဝင်ရောက်လာခဲ့ပြီးနောက် ဗုံးဖောက်ခွဲကာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

play
စားသောက်ဆိုင်ထဲမှာ ဗုံးခွဲခဲ့ကြောင်း သံသယရှိသူနှစ်ဦး


ယမန်နေ့ (မေလ ၂၄ ရက်) ဒေသစံတော်ချိန် ည ၁၁း၃၂ မှာ စားသောက်ဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းပေးမှု လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရခဲ့သူတွေအနက် ဒဏ်ရာပြင်းထန်သူ သုံးဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း အရေးပေါ်ဌာနက ပြောခဲ့ပါတယ်။

play


ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကင်မရာမှတ်တမ်းအရ သံသယရှိသူနှစ်ဦးဟာ အပြာရောင်ဂျင်းဘောင်ဘီးနဲ့ ခေါင်းစွပ်ပါအင်္ကျီဝတ်ဆင်ထားပြီး မျက်နှာကိုမမြင်ရအောင် ဖုံးကွယ်ထားတာ တွေ့ရပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ အရပ် ၅ ပေ ၁၀ လက်မခန့်ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


သံသယရှိသူ အမျိုးသားတစ်ဦးက အသက် ၂၅ နှစ်ကျော်အရွယ်ဖြစ်ပြီး အခြားတစ်ဦးမှာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှု အကြောင်းရင်းကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သံသယရှိသူနှစ်ဦးက စားသောက်ဆိုင်ထဲမှာ ဗုံးပစ်ချပြီး ထွက်ပြေးသွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့အရာရှိ မတ်ဘာထရမ်က ပြောခဲ့ပါတယ်။ "ဒီ ဗုံးပေါက်ကွဲမှုက အမုန်းပွားမှုလုပ်ရပ် သို့မဟုတ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း လက္ခဏာမတွေ့ရပါဘူး" လို့ ၎င်းကဆိုပါတယ်။

play


ဗုံးပါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စားသောက်ဆိုင်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မစ္စဆာအူဂါမြို့ဟာ ကနေဒါနိုင်ငံမှာ ဆဌမမြောက် အကြီးဆုံးမြို့ဖြစ်ပြီး အွန်တာရီအိုရေအိုင်ကြီးရဲ့ ကမ်းခြေတစ်လျှောက်မှ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ အဆိုပါမြို့ဟာ ကနေဒါနိုင်ငံရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ တိုရွန်တိုနဲ့ နယ်နမိတ်ထိစပ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD