AD
AD
AD

ရုရှားသူလျှိုဟောင်းကို ဓာတုအဆိပ်သုံးပြီးသတ်ရန် လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက ရှင်းလင်းချက်ပေးရန် ငြင်းဆန်ခဲ့ပြီးနောက် ဗြိတိန်အစိုးရက ရုရှားသံတမန် ၂၃ ဦးကို နိုင်ငံမှနှင်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ထရီဆာမေက ပြောကြားလိုက်ပါတယ်။

play
ဆာဂီစကရီပါးလ်နှင့် သမီးဖြစ်သူ ယူလီယာ


ရုရှားသံတမန်တွေ အနေနဲ့ နိုင်ငံမှထွက်ခွာရန် သီတင်းတစ်ပတ်အချိန်ရကြောင်းနဲ့ ၎င်းတို့ဟာ ထုတ်ဖော်ပြောထားခြင်းမရှိတဲ့ ထောက်လှမ်းရေးအရာရှိတွေ ဖြစ်တယ်လို့လည်း ထရီဆာမေက ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားထားမှုကိုလည်း ထရီဆာမေက ပြန်ရုပ်သိမ်းလိုက်ပြီး ရုရှားမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုလည်း ဗြိတိန်တော်ဝင်မိသားစုက တက်ရောက်တော့မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ

 
ရုရှားအစိုးရကတော့ အင်္ဂလန်ရှိ ဆာလစ်ဘာရီမြို့မှာ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူကို ဓာတုအဆိပ်သုံးပြီး သတ်ဖြတ်ရန်လုပ်ဆောင်ခဲ့မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

ဗြိတိန်အစိုးရက သံတမန် ၂၃ ဦးကို နှင်ထုတ်မှုဟာ လက်ခံနိုင်စရာမရှိကြောင်း၊ တရားမျှတမှုမရှိကြောင်းနဲ့ ရေတိုအမြင့်ဖြင့် လုပ်ဆောင်မှုဖြစ်ကြောင်း ရုရှားသံရုံးက ပြောခဲ့ပါတယ်။

ဗြိတိန်က နှင်ထုတ်လိုက်တဲ့ သံတမန် ၂၃ ဦးရဲ့စာရင်းကို ရုရှားအစိုးရထံ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်က ရုရှားသံတမန်များကို ယခုကဲ့သို့ နှင်ထုတ်မှုဟာ ၁၉၈၅ ခုနှစ်မှာ သူလျှိုကိစ္စနဲ့ ပတ်သက်ပြီး သံတမန် ၃၁ ဦးကို နှင်ထုတ်ခဲ့တဲ့ ဖြစ်ရပ်ပြီးနောက်ပိုင်း သံတမန်အရေအတွက် အများဆုံးနှင်ထုတ်မှုလည်း ဖြစ်လာပါတယ်။

play
ရုရှားသမ္မတ ဗလာဒီမာပူတင်


ပြီးခဲ့တဲ့ မတ်လ ၄ ရက် မွန်းလွဲပိုင်းမှာ အသက် ၆၆ နှစ်အရွယ် ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူ ယူလီယာတို့ကို ဆာလစ်ဘာမြို့ရှိ Maltings ဈေးဝယ်စင်တာအပြင်ဘက် ခုံတန်းလျားတစ်ခုမှာ သတိမေ့မြောနေတာ တွေ့ခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ၎င်းတို့နှစ်ဦးကို Novichok အမည်ရှိ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်သုံးပြီး လုပ်ကြံသတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောထားပါတယ်။ လက်ရှိမှာ ၎င်းတို့နှစ်ဦးလုံးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေဆဲလို့ သိရပါတယ်။

play
ရုရှားသူလျှိုဟောင်းနှင့် သမီးတို့ကို စတင်တွေ့ရှိသည့်နေရာမှာ စစ်ဆေးနေစဉ်


ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ သတိမေ့မြော လဲကျနေခဲ့တဲ့နေရာကို ပထမဆုံး ရောက်ရှိခဲ့သူ ရဲအရာရှိ နစ်ခ်ဘေလီလည်း အပြင်းအထန်း အခြေအနေဖြင့် နေမကောင်းဖြစ်ကာ ဆေးရုံတင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ရဲအရာရှိဟာ မိသားစုကို စကားပြောနိုင်ပြီလို့ ဆိုပါတယ်။

ဗြိတိန်အစိုးရက ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားက နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်နိုင်ခြေများကြောင်း ပြောထားခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် နောက်ဆုံးအချိန်တစ်ခု သတ်မှတ်ပေးခဲ့ပါတယ်။ ထိုအချိန်ရောက်သည့်တိုင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ယခုဖြစ်ရပ်အတွက် တုံ့ပြန်အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ ဗြိတိန်အစိုးရက ပြောထားခဲ့ပါတယ်။

play


ရုရှားဘက်ကလည်း ဆာဂီစကရီပါးလ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းရာမှာ အသုံးပြုခဲ့ကြောင်း ဗြိတိန်ကပြောခဲ့တဲ့ ဓာတုအဆိပ် နမူနာကို ၎င်းတို့ထံ ပို့ပေးခြင်းမရှိပါက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ယခုအခါ သတ်မှတ်ချိန်ကျော်လွန်သွားခဲ့ပြီဖြစ်ရာ ဗြိတိန်က ရုရှားသံတမန်တွေကို နှင်ထုတ်ခြင်းဖြင့် အရေးယူမှု စတင်လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

play
အာရုံကြောပျက်စီးစေတသည့် Novichok ဓာတုအဆိပ် သက်ရောက်မှု

ဗြိတိန်အစိုးရက ရုရှားကို အရေးယူဆောင်ရွက်မှုများ

- သံတမန် ၂၃ ဦးကို နိုင်ငံမှနှင်ထုတ်ခြင်း

- ရုရှားနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်လေယာဉ်များ၊ ပို့ကုန်များကို စစ်ဆေးမှုတိုးမြှင့်ခြင်း

- ဗြိတိန်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်မှုဖြစ်နိုင်တဲ့ လုပ်ဆောင်မှုတွေအတွက် အသုံးပြုကြောင်း သက်သေအထောက်အထားတွေ့ရတဲ့ ရုရှားအစိုးရ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခြင်း

- ဗြိတိန်အစိုးရဝန်ကြီးတွေနဲ့ တော်ဝင်မိသားစုက ယခုနှစ်အတွင်း ရုရှားမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခြင်း

- ဗြိတိန်နဲ့ ရုရှား နှစ်နိုင်ငံကြား အဆင်မြှင့်အရာရှိများ အပြန်အလှန် ဆက်သွယ်မှုတွေကို ဆိုင်းငံ့ထားခြင်း

ဆက်စပ်သတင်းများ -

- ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ရန်လုပ်ဆောင်မှု ရုရှားလက်ချက် ဖြစ်နိုင်ခြေများဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ရုရှားသူလျှိုဟောင်းကိုသတ်ရန် အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ကို စားသောက်ဆိုင်မှာ တွေ့ရှိရ

အင်္ဂလန်မှာ ရုရှားသူလျှိုဟောင်းကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်တစ်မျိုးသုံးပြီးသတ်ရန် ကြိုးပမ်းခဲ့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD