AD
AD
AD

ရုရှားသူလျှိုဟောင်းတစ်ဦးကို ဗြိတိန်နိုင်ငံမှာ အဆိပ်ခတ်လုပ်ကြံခဲ့မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက ရုရှားသံတမန် ၆၀ ကို နိုင်ငံမှထွက်ခွာသွားရန် နှင်ထုတ်လိုက်ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ ယခုလုပ်ရပ်ကို တုံ့ပြန်မှုအဖြစ် ရုရှားအစိုးရကလည်း အမေရိကန်သံတမန် ၆၀ ထက်မနည်းကို နိုင်ငံမှ နှင်ထုတ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


အမေရိကန်အစိုးရက ဝါရှင်တန်ရှိ ရုရှားသံရုံးမှ သံတမန် ၄၈ ဦးနဲ့ နယူးယော့ခ်ရှိ ကုလသမဂ္ဂရုံးချုပ်မှ ရုရှားသံတမန် ၁၂ ဦးတို့ကို နိုင်ငံမှ နှင်ထုတ်ထားပါတယ်။ ဒါ့အပြင် ဆီယက်တဲလ်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ပစ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွန်ကြားထားကြောင်း သိရပါတယ်။

ရုရှားသံတမန်တွေကို နှင်ထုတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ယနေ့ (မတ်လ ၂၆ ရက်)သတင်းထုတ်ပြန်ရာမှာ "မတ်လ ၄ ရက်မှာ ရုရှားက စစ်ဘက်သုံးအဆင့်ရှိ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်သုံးပြီး ဗြိတိသျှနိုင်ငံသားနဲ့ ၎င်းရဲ့သမီးတို့ကို ဆာလစ်ဘာရီမြို့မှာ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့တယ်" လို့ ပြောထားပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ


ဒါ့အပြင် "ကျွန်ုပ်တို့ရဲ့မဟာမိတ် ဗြိတိန်နိုင်ငံအပေါ် ဒီတိုက်ခိုက်မှုက အပြစ်မဲ့သူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာဖြစ်စေခဲ့ပြီး ရလဒ်အနေနဲ့ ရဲအရာရှိတစ်ဦး အပါအဝင် လူသုံးဦးကို အပြင်းအထန် ထိခိုက်စေခဲ့ပါတယ်" လို့လည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရုရှားသူလျှိုဟောင်းကို ဗြိတိန်မှာ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုဟာ ဓာတုလက်နက်ဆိုင်ရာသဘောတူညီချက်နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ဖောက်ဖျက်ရာရောက်ကြောင်းလည်း အမေရိကန်က ပြောထားပါတယ်။

play
ရုရှားသမ္မတ ဗလာဒီမာပူတင်


ရုရှားသူလျှိုဟောင်းကို အဆိပ်ဖြင့်လုပ်ကြံသတ်ဖြန်ရန် ကြိုးပမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီ၊ ပြင်သစ်၊ ယူကရိန်းနဲ့ အခြား ဥရောပနိုင်ငံတွေကလည်း ရုရှားကို သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုတွေ ရှိလာကြောင်း သိရပါတယ်။

ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက ရုရှားသံတန် ၁၃ ဦးကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ယနေ့ အစောပိုင်းမှာလည်း လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ ပိုလန်တို့ကလည်း ရုရှားသံအမတ်ကို ၎င်းတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ကြပါတယ်။

ရုရှားသူလျှိုဟောင်း ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ ရုရှားအစိုးရတို့က သံတမန် ၂၃ ဦးစီကို အပြန်အလှန် နှင်ထုတ်ခဲ့ကြကြောင်းလည်း သိရပါတယ်။

ရုရှားသူလျှိုဟောင်းနဲ့သမီး အဆိပ်ခတ်ခံရမှု

အသက် ၆၆ နှစ်အရွယ် ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူ ယူလီယာတို့ကို တနင်္ဂနွေနေ့ (မတ်လ ၄ ရက်) မွန်းလွဲပိုင်းမှာ ဆာလစ်ဘာမြို့ရှိ Maltings ဈေးဝယ်စင်တာအပြင်ဘက် ခုံတန်းလျားတစ်ခုမှာ သတိမေ့မြောနေတာ တွေ့ခဲ့ရပါတယ်။

"ဆာဂီနဲ့ သူ့ရဲသမီး ယူလီယာတို့ကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်သုံးပြီး တိုက်ခိုက်မှုလုပ်ရပ်အတွက် ရုရှားမှာတာဝန်ရှိတာ အများကြီးဖြစ်နိုင်ပါတယ်" လို့ ထရီဆာမေက ဗြိတိန်လွှတ်တော်မှာ ပြောခဲ့ပါတယ်။

play
ဆာဂီစကရီပါးလ်နှင့် သမီးဖြစ်သူ ယူလီယာ


ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူတို့ကို သတ်ရန်ကြိုးပမ်းရမှာ အသုံးပြုခဲ့တဲ့ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်ဟာ စစ်ဘက်သုံးအဆင့်ဖြစ်ပြီး ရုရှားမှာ ထုပ်လုပ်ခဲ့တာဖြစ်ကြောင်းလည်း ထရီဆာမေက လွှတ်တော်မှာ ပြောပါတယ်။

ဆာလစ်ဘာရီမြို့မှာ ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူတို့ကို အဆိပ်သုံးပြီးသတ်ရန် လုပ်ဆောင်မှုကို ရုရှားက နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့တဲ့ ဖြစ်နိုင်ခြေများကြောင်း ဗြိတိန်အစိုးရအနေနဲ့ ကောက်ချက်ချခဲ့တယ်လို့ ထရီဆာမေက ဆိုပါတယ်။

ဗြိတိန်ထောက်လှမ်းရေးအတွက်လည်း အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ဟာ အာရုံကြောပျက်စီးစေတဲ့ Novichok အမည်ရှိ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။

ဆာဂီစကရီပါးလ် (Sergei Skripal)

- လန်ဒန်မြို့အနောက်ဘက် မိုင် ၉၀ အကွာမှာ တည်ရှိတဲ့ ဆာလစ်ဘာရီမြို့မှာ မထင်မရှားဖြင့် ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။

- ဗိုလ်မှူးကြီး ဆာဂီစကရီပါးလ်ဟာ ရုရှားစစ်တပ်ထောက်လှမ်းရေးအရာရှိ ဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့မှုဖြင့် ၂၀၀၆ ခုနှစ်အတွင်း ရုရှားအစိုးရက ၎င်းကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။

play
ရုရှားစစ်ထောက်လှမ်းရေး အရာရှိဟောင်း ဆာဂီစကရီပါးလ်


- ဆာဂီစကရီပါးလ်က ဥရောပမှာ အသွင်ယူထောက်လှမ်းရေး လုပ်ဆောင်နေတဲ့ ရုရှားသူလျှိုတွေရဲ့ အချက်အလက်တွေကို ဗြိတိန်ထောက်လှမ်းရေး MI6 ထံ ပေးအပ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

- ၂၀၁၀ ခုနှစ် ဇူလိုင်လမှာ အမေရိကန် FBI က ဖမ်းဆီးထားတဲ့ ရုရှားသူလျှို ၁၀ ဦးနဲ့ ရုရှားဘက်မှာ ဖမ်းဆီးထားတဲ့ သူလျှိုလေးဦးတို့ကို လဲလှယ်ခဲ့ရာမှာ ဆာဂီစကရီပါးလ်လည်း ပါဝင်ခဲ့ပြီး ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

- ၂၀၁၀ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်မှာ စစ်အေးခေတ်ပုံစံ ဖမ်းဆီးခံ သူလျှိုများလဲလှယ်ခဲ့ပြီးနောက် ဆာဂီစကရီပါးလ်ဟာ လန်ဒန်အနောက်ပိုင်းရှိ ဆာလစ်ဘာရီမြို့မှာ မထင်မရှား နေထိုင်ခဲ့တာ ရှစ်နှစ်ကြာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ -

ရုရှားသူလျှိုဟောင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်

ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ရန်လုပ်ဆောင်မှု ရုရှားလက်ချက် ဖြစ်နိုင်ခြေများဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ရုရှားသူလျှိုဟောင်းကိုသတ်ရန် အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ကို စားသောက်ဆိုင်မှာ တွေ့ရှိရ

အင်္ဂလန်မှာ ရုရှားသူလျှိုဟောင်းကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်တစ်မျိုးသုံးပြီးသတ်ရန် ကြိုးပမ်းခဲ့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD