AD
AD
AD

အမေရိကန်နိုင်ငံမှာ အမျိုးသားတစ်ဦး အီးစီးကရက်ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီး အပိုင်းအစများ ၎င်းရဲ့ ဦးခေါင်းအတွင်းရောက်ရှိကာ သေဆုံးခဲ့ကြောင်း အလောင်းခွဲစိတ်စစ်ဆေးမှုအရ သိရှိရပါတယ်။

မေလ ၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း Tallmadge D'Elia အမည်ရှိတဲ့ သေဆုံးသူအမျိုးသားရဲ့ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းမှာလည်း မီးလောင်ဒဏ်ရာများရခဲ့တယ်လို့ မှုခင်းဆေးပညာဆိုင်ရာဌာနမှ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

play
အီးစီးကရက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် Tallmadge D'Elia


အသက် ၃၈ နှစ်အရွယ် အဆိုပါ အမျိုးသားရဲ့အလောင်းကို မီးသတ်တပ်ဖွဲ့က ဖလော်ရီဒါပြည်နယ် အပန်းဖြေကမ်းခြေမြို့ စိန့်ပီတာစဘတ်ရှိ ၎င်းရဲ့မိသားနေအိမ်မှ မီးလောင်နေတဲ့ အိပ်ခန်းအတွင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ အီးစီးကရက်ပေါက်ကွဲမှုကြောင့် ပထမဆုံး လူသေဆုံးမှုလည်း ဖြစ်လာပါတယ်။

အီးစီးကရက် (e-cigarette) ပေါက်ကွဲမှုကြောင့် ရုပ်မြင်သံကြားထုတ်လုပ်ရေးမှူး အမျိုးသား သေဆုံးမှုကို မတော်တဆမှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားကြောင်း သိရပါတယ်။ အလောင်းခွဲစိတ်စစ်ဆေးမှုအရ သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ဦးခေါင်းခွံအတွင်း အီးစီးကရက် အပျက်အစီး အပိုင်းအစနှစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play


အရေးပေါ်ကယ်ဆယ်ရေးဌာနရဲ့ အစီရင်ခံစာအရ သေဆုံးသူအမျိုးသားအလောင်းကို တွေ့ရှိခဲ့ရတဲ့ အိပ်ခန်းဟာ မီးလောင်မှုကြောင့် ဆိုးရွားစွာ ပျက်စီးနေကြောင်း သိရပါတယ်။ သို့သော် မီးခိုးအနည်းသာထွက်ရှိခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အီးစီးကရက်ကို Smok-E Mountain ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူတွေက ပြောပါတယ်။ အီးစီးကရက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူရဲ့ဖခင် Christopher D'Elia က ယခုဖြစ်ရပ်ဟာ အလွန်ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့တယ်လို့ ABC Action News ကို ပြောခဲ့ပါတယ်။

play


"သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရသူတစ်ယောက်အနေနဲ့ နောက်ထပ် ဘယ်သူ့ကိုမှ အခုလိုအဖြစ်မျိုးနဲ့ ကလေးတစ်ယောက်ကို ဆုံးရှုံးရတာမျိုး မဖြစ်စေချင်ပါဘူး" လို့ ဖင်ဖြစ်သူက Christopher D'Elia က ဖွင့်ဟခဲ့ပါတယ်။ အီးစီးကရက် မည်သို့ပေါက်ကွဲခဲ့ကြောင်းကို ရှင်းလင်းစွာ မသိရသေးဘဲ အလောင်းခွဲစိတ်စစ်ဆေးမှု အစီရင်ခံစာမှာလည်း ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

သေဆုံးခဲ့သူ Tallmadge D'Elia ရဲ့ အီးစီးကရက်ဟာ အသုံးပြုသူအနေနဲ့ ဘက်ထရီအားပိုကောင်းစေရန် ပြုပြင်မွမ်းမံထားကြောင်းနဲ့ အခြား အီးစီးကရက်တွေမှာကဲ့သို့ ဗို့အားအတိုးအလျော့ ပြုလုပ်နိုင်တာမျိုး မဟုတ်ကြောင်းလည်း သိရပါတယ်။

play


American Vaping Association ဥက္ကဋ္ဌကတော့ အခြား အီးစီးကရက်အများစုမှာ လုံခြုံရေးစနစ်များ ပါဝင်ကြတယ်လို့ ပြောခဲ့ပါတယ်။ အီးစီးကရက်ထုတ်လုပ်တဲ့ Smok-E Mountain ကုမ္ပဏီက ပေါက်ကွဲမှုဖြစ်ရခြင်းဟာ ဘက်ထရီပြဿနာကြောင့် ဖြစ်တယ်လို့ ABC Action News ကို ပြောပါတယ်။

အီးစီးရက်တွေမှာ အသုံးပြုထားတဲ့ ဘက်ထရီဟာ စမတ်ဖုန်းနဲ့ အခြား သယ်ဆောင်သွားနိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေမှာသုံးတဲ့ lithium-ion ဘက်ထရီများဖြစ်ပါတယ်။ ထိုဘက်ထရီတွေဟာ သေးငယ်ပေမဲ့ မြင့်မားတဲ့ လျှပ်စစ်ဓာတ်ပမာဏကို သိုလှောင်ထောက်ပံ့ပေးနိုင်ကြောင်း သိရပါတယ်။

lithium-ion ဘက်ထရီ မတော်တဆဖြစ်မှု အနည်းငယ်မျှသာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဆမ်ဆောင်းကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းတွေကို ဘက်ထရီကြောင့် မီးလောင်မှုဖြစ်ခဲ့ပြီးနောက် ရောင်းချမှုရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။

play


အမေရိကန်မှာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း အီးစီးကရက်ပေါက်ကွဲမှုတွေနဲ့ အီးစီးကရက်ကြောင့် မီးလောင်မှုတွေကြောင့် ဒဏ်ရာရသူ ၁၃၃ ဦးရှိခဲ့ကြောင်းနဲ့ ၃၈ ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း အမေရိကန် မီးသတ်တပ်ဖွဲ့ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်မှာ အီးစီးကရက်ပေါက်ကွဲမှုကြောင့် ကော်လိုရာဒိုပြည်နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး လည်ပင်းကျိုးပြီး သွားများကျိုးပဲပျက်စီးတဲ့ ဒဏ်ရာများရခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဒန်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အီးစီးကရက်ရ့ lithium-ion ဘက်ထရီကြောင့် မီးလောင်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် Food and Drug Administration (FDA) က ထုတ်ပြန်ထားတဲ့ အီးစီးကရက်အသုံးပြုမှု ဘေးကင်းလုံခြုံရေး အကြံပြုချက်အချို့

- ဘက်ထရီအားသွင်းမှု အလွန်အကျွံ မဖြစ်စေရန် ကာကွယ်ထားမှုကဲ့သို့ ဘေးကင်လုံခြုံရေးစနစ် ပါဝင်တဲ့ အီးစီးကရက်များကိုသာ အသုံးပြုရန်။
- အီးစီးကရက်ရဲ့ အပူပေးကွိုင်နဲ့ ဘက်ထရီတို့ကို လျော့ရဲနေခြင်းမရှိစေရန် ဂရုပြုပါ။
- အီးစီးကရက် ဝယ်ယူစဉ်က တစ်ပါတည်းပါဝင်လာတဲ့ ဓာတ်အားသွင်းကိရိယာဖြင့်သာ အသုံးပြုပါ။
- ဘက်ထရီများ ပျက်စီးနေခြင်း သို့မဟုတ် စိုစွတ်နေခြင်း တွေ့ရှိပါက အသစ်လဲလှယ်ပါ။
- အီးစီးကရက်ကို တစ်ညလုံး ဓာတ်အားသွင်းခြင်း ရှောင်ကြဉ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD