AD
AD
AD

ရုရှားသမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဗလာဒီမာပူတင်က ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း အနိုင်ရရှိကြောင်း သိရပါတယ်။ ယမန်နေ့ (မတ်လ ၁၈ ရက်) မှာ ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ် အားလုံးနီးပါးကို ရေတွက်ပြီးစီးချိန်မှာ ပူတင်က မဲအရေအတွက် ၇၆ ရာခိုင်နှုန်းကျော် ရရှိထားကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

play
စတုတ္တမြောက် သမ္မတသက်တမ်းအတွက် အနိုင်ရခဲ့သည့် ဗလာဒီမာပူတင်


ရွေးကောက်ပွဲမှာ သမ္မတပူတင်ရဲ့ပြိုင်ဘက် အဓိက အတိုက်အခံခေါင်းဆောင် အလက်ဇီ နက်ဗဲလ်နီကို ကော်မရှင်က ပါဝင်ယှဉ်ပြိုင်ခွင့်မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲရဲ့ အစောပိုင်းရလဒ်များ ကြေညာပြီးနောက် မော်စကိုမှာ ၎င်းအားထောက်ခံသူတွေကို သမ္မတပူတင်က မိန့်ခွန်းပြောကြားခဲ့ရာမှာ 'မဲဆန္ဒရှင်တွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုခဲ့ကြတယ်' လို့ ထည့်သွင်းပြောခဲ့ပါတယ်။

play
ရွေးကောက်ပွဲမှာ သမ္မတပူတင် မဲပေးခဲ့စဉ်


သတင်းထောက်တွေကို သမ္မတပူတင်ကို ယခုရွေးကောက်ပွဲအပြင် နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်းအတွက် ထပ်မံ ပါဝင်ယှဉ်ပြိုင်အုံးမယ့် အစီအစဉ်ကို မေးမြန်းခဲ့ရာ ပူတင်က ရယ်မောဖြေကြားခဲ့ပါတယ်။ ပူတင်က "ခင်ဗျားတို့ ပြောနေတာက အတော်ရယ်စရာကောင်းတယ်ဗျ၊ ကျွန်တော် သမ္မတနေရာမှာ အသက် ၁၀၀ ပြည့်တဲ့အထိများ နေမယ်လို့ထင်နေကြသလား" လို့ ပြောခဲ့ပါတယ်။

play
သမ္မတပူတင်ကို ထောက်ခံသူများ မော်စကိုမြို့မှာ စုရုံးကြစဉ်


သမ္မတရွေးကောက်ပွဲမှာ ပူတင် အနိုင်ရရှိမှုဟာ ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အနိုင်ရခဲ့စဉ်က မဲအရေအတွက် ၆၄ ရာခိုင်နှုန်းရခဲ့ပေမဲ့ ယခုနှစ်မှာတော့ ၇၆ ရာခိုင်နှုန်းအထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်စစ်တမ်းကလည်း ပူတင်က မဲအရေအတွက် ၇၄ ရာခိုင်နှုန်းဖြင့် အနိုင်ရမယ်လို့ ရလဒ်ထွက်ပေါ်ထားခဲ့ပါတယ်။

play
ပူတင်ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် ပါဗဲလ် ဂရူဒီနင်


သမ္မတရွေးကောက်ပွဲမှာ ပူတင်နဲ့ အနီးကပ်ဆုံးပြိုင်ဘက် မီလျံနာတစ်ဦးဖြစ်သူ ကွန်မြူနစ်ပါတီမှ ပါဗဲလ် ဂရူဒီနင်က မဲအရေအတွက် ၁၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရပါတယ်။ အခြား ရွေးကောက်ပွဲဝင်သူနှစ်ဦးဖြစ်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ Ksenia Sobchak က မဲအရေအတွက် ၂ ရာခိုင်နှုန်းအောက်နဲ့ အမျိုသားရေးဝါဒီ Vladimir Zhirinovsky က မဲအရေအတွက် ၆ ရာခိုင်နှုန်းခန့် အသီးသီး ရရှိခဲ့ကြပါတယ်။ 

ရုရှားအတိုက်အခံတွေက ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ကြောင်း ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ယမန်နေ့ ရွေးကောက်ပွဲမှာ ရုရှားပြည်သူ ၁၀၇ သန်းခန့် မဲပေးပိုင်ခွင့်ရှိခဲ့ကြောင်းနဲ့ မဲရုံများမပိတ်မီ သုံးနာရီအလိုအထိ မဲပေးသူ ၆၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောခဲ့ပါတယ်။

play
ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည့် အဓိက အတိုက်အခံခေါင်းဆောင် နက်ဗဲလ်နီ


ယခုရွေးကောက်ပွဲ အနိုင်ရရှိမှုအရ ပူတင်က ရုရှားသမ္မတအဖြစ် လေးကြိမ်မြောက် အာဏာရလာခဲ့တာလည်း ဖြစ်ပါတယ်။ ပူတင်ဟာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး တတိယအကြိမ် သမ္မတသက်တမ်းအဖြစ် တာဝန်ယူခဲ့ပါတယ်။

ယခုနှစ်ရွေးကောက်ပွဲမှာ ပူတင်အတွက် စတုတ္တမြောက် သမ္မတသက်တမ်း ဖြစ်ပါတယ်။ ယခုရွေးကောက်ပွဲမှာ မဲအရေအတွက် ရရှိမှုဟာလည်း ပူတင်အတွက် သမ္မတရွေးကောက်ပွဲ လေးကြိမ်အနိုင်ရရှိခဲ့မှုအနက် ရာခိုင်နှုန်းအများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ ပူတင်က ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအရေအတွက် ၅၃ ရာခိုင်နှုန်း၊ ၂၀၀၄ ခုနှစ်မှာ မဲအရေအတွက် ၇၂ ရာခိုင်နှုန်းနဲ့ ၂၀၁၂ ခုနှစ်မှာ မဲအရေအတွက်ဖြင့် အနိုင်ရခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD