တောင်အာဖရိ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ဝင်နီမက်ဒီကီဇီလာ မင်ဒဲလား ယနေ့ (ဧပြီ ၂ ရက်) ကွယ်လွန်သွားခဲ့ကြောင်း သူမရဲ့ ပုဂ္ဂိုလ်ရေးလက်ထောက်က ပြောပါတယ်။ အသက် ၈၁ နှစ်အရွယ် ဝင်နီမင်ဒဲလားဟာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မင်ဒဲလားရဲ့ ဇနီးဟောင်းလည်း ဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၂၇ နှစ်ကျခံခဲ့ရပြီးနောက် ၁၉၉၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၁၁ ရက်မှာ ပြန်လည် လွတ်မြောက်လာစဉ်မှာ ၎င်းတို့နှစ်ဦး လက်ချင်းတွဲကာ လမ်းလျှောက်လာတဲ့ သတင်းဓာတ်ပုံက ကမ္ဘာကျော်ခဲ့ပါတယ်။
မင်ဒဲလားဇနီးမောင်နှံဟာ တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုကို ဆယ်စုနှစ်သုံးခုနီးပါးကြာ ဆန့်ကျင်တိုက်ဖျက်ခဲ့ကြသူတွေအဖြစ် ထင်ရှားပါတယ်။ သို့သော် နောက်ပိုင်းနှစ်တွေမှာတော့ ဝင်နီမင်ဒဲလားဟာ ဥပဒေအရနဲ့ နိုင်ငံရေးအရ ဂုဏ်သိက္ခာကျဆင်းစရာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူမက Mandela United Football Club (MUFC) ခေါ် Soweto အမည်ဖြင့် ဘောလုံးအသင်းဖွဲ့စည်းပြီး လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးကို ရက်စက်ကြမ်းတမ်းစွာ လုပ်ဆောင်ခဲ့မှုတွေကြောင့် နာမည်ဆိုးထွက်လာခဲ့ပါတယ်။ ဝင်နီမင်ဒဲလားရဲ့ Soweto အဖွဲ့နေရာအနီးမှာ တက်ကြွလှုပ်ရှားသူ Stompie Seipei လည်ပင်းလှီး အသတ်ခံခဲ့ရပါတယ်။
၁၉၉၁ ခုနှစ်မှာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို သတင်းပေးအဖြစ် သံသယရှိတာကြောင့် ပြန်ပေးဆွဲကာ နှိပ်စက်ခဲ့မှုမှာ ဝင်နီမင်ဒဲလားက ပြစ်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအမှုအတွက် သူမကို ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပေမဲ့ အယူခံဝင်ခဲ့ရာ ဒဏ်ကြေးအဖြစ် ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။
နယ်လ်ဆင်မင်ဒဲလားနဲ့ ဝင်နီမင်ဒဲလားတို့ဟာ ၁၉၉၂ ခုနှစ်မှာ သူမရဲ့ နာမည်ဆိုးများ ထွက်လာခဲ့ပြီးနောက် သီးခြားစီ ခွဲနေခဲ့ကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ အဂတိလိုက်စားမှုဖြင့် ဝင်နီမင်ဒဲလားကို အစိုးရအဖွဲ့နေ ထုတ်ပယ်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်မှာတော့ မင်ဒဲလားဇနီးမောင်နှံ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
တောင်အာဖရိကသမ္မတ နယ်လ်ဆင်မင်ဒဲလားဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မင်ဒဲလားဟာ အသက် ၉၅ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။