AD
AD
AD

တရုတ်နိုင်ငံလွှတ်တော်က သမ္မတရှီကျင်းပင်ကို ဒုတိယသက်တမ်း ဆက်လက်ခန့်အပ်မှု အတည်ပြုလိုက်ပြီး ၎င်းရဲ့ ညာလက်ရုံး အနီးကပ်မဟာမိတ်ဖြစ်သူကို ဒုတိယသမ္မတအဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ တရုတ်လွှတ်တော်က အစိုးရအဖွဲ့ကို ယနေ့ (မတ်လ ၁၇ ရက်) လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

play
သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည့် ရှီကျင်းပင်


လွှတ်တော်က အတည်ပြုလိုက်မှုအရ သမ္မတရှီကျင်းပင်ရဲ့ နိုင်ငံရေးအာဏာကို ပိုမိုခိုင်မာစေပြီး အမေရိကန်ရဲ့ ကုန်သွယ်ရေးခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဆောင်ရွက်လာနိုင်မယ်လို့ ဆိုပါတယ်။ အာဏာရကွန်မြူနစ်ပါတီက အဓိက ကြီးစိုးထားတဲ့ တရုတ် ဥပဒေပြုလွှတ်တော်က ရှီကျင်းပင်ကို နောက်ထပ်ငါးနှစ်သမ္မတသက်တမ်း ဆက်လက်ခန့်အပ်မှုကို ယခင်ကတည်းက ကြိုတင်ခန့်မှန်းထားကြပါတယ်။

play
ရှီကျင်းပင်ကို သမ္မတခန့်အပ်မှုအား ဆန္ဒမဲပေးထားမှုရလဒ်ကို တွေ့ရစဉ်


ဒုတိယသမ္မတဖြစ်လာတဲ့ ဝမ်ကီရှန်းဟာ သမ္မတရှီကျင်းပင်နဲ့ ကာလရှည်ကြာ ရင်းနှီးခဲ့သူဖြစ်ပြီး ၎င်းရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်မှာ အဓိက ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အစောပိုင်းမှာလည်း တရုတ်လွှတ်တော်က ရှီကျင်းပင်ကို တစ်သက်တာ သမ္မတလုပ်ခွင့်ရစေမယ့် သမ္မတသက်တမ်း သတ်မှတ်ထားမှုကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

play
ဒုတိယသမ္မတဖြစ်လာသည့် ဝမ်ကီရှန်းနှင့် သမ္မတရှီကျင်းပင်


တရုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ယခင်က သမ္မတသက်တမ်းကို ငါးနှစ်ကြာသတ်မှတ်ထားပြီး နှစ်ကြိမ်သာ သမ္မတအဖြစ် တာဝန်ယူခွင့်ပြုထားခဲ့ပါတယ်။ အဆိုပါ သမ္မတသက်တမ်းသတ်မှတ်ထားမှုကို ပယ်ဖျက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်ကို National People's Congress အစည်းအဝေးက မတ်လ ၁၁ ရက်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

play
သမ္မတရှီကျင်းပင်ကို လွှတ်တော် ကိုယ်စားလှယ်များက ဂုဏ်ပြုကြစဉ်


ရှီကျင်းပင်ကို သမ္မတအဖြစ် ဆက်လက် ခန့်အပ်မှုကို တရုတ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂,၉၇၀ ဦးလုံးက တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယသမ္မတအဖြစ် ဝမ်ကီရှန်းကို ခန့်အပ်မှုမှာလည်း ထောက်ခံမဲ၂,၉၆၉ မဲနဲ့ ကန့်ကွက်မဲ တစ်မဲသာရှိခဲ့ကြောင်း သိရပါတယ်။

ရှီကျင်းပင်ဟာ ၂၀၁၃ ခုနှစ်က ၎င်းကို သမ္မတအဖြစ် ခန့်အပ်ခဲ့စဉ် လွှတ်တော်မှာ ထောက်ခံမဲ ၂,၉၅၂ မဲနဲ့ ကန့်ကွက်မဲ တစ်မဲသာရှိခဲ့ပြီး မဲပေးရန်ပျက်ကွက်သူ သုံးဦးရှိခဲ့ကြောင်း သိရပါတယ်။ ထိုစဉ်က ထောက်ခံမဲရာခိုင်နှုန်း ၉၉.၈၆ ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်မှာတော့ ၁၀၀ ရာခိုင်နှုန်း ထောက်ခံမဲရခဲ့တာလည်း ဖြစ်လာပါတယ်။

ဆက်စပ်ဖတ်ရှုရန် - ရှီကျင်းပင်ကို တစ်သက်တာ သမ္မတလုပ်ခွင့်ရစေတဲ့ အခြေခံဥပဒေပြင်ဆင်ချက် တရုတ်ကွန်ဂရက် အတည်ပြု

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD