AD
AD
AD

အွန်လိုင်းဗီဒီယိုဝက်ဘ်ဆိုက် YouTube ရုံးချုပ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အမျိုးသမီးဟာ သက်သတ်လွတ်စားရေး စည်းရုံးလှုံ့ဆော်နေတဲ့ ဘလော့ဂါတစ်ဦးဖြစ်ပြီး သူမရဲ့ ဗီဒီယိုတွေကို YouTube က ခွဲခြားဆောင်ရွက်မှုကြောင့် ဒေါသထွက်နေသူ ဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

play


အင်္ဂါနေ့ (ဧပြီ ၃ ရက်) က ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စအနီး စန်ဘရူနိုရှိ YouTube ရုံးချုပ်မှာ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ စန်ဒီယေဂိုမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် နဆမ်နာဂျဖီအက်ဂ်ဒမ် အမည်ရှိ အမျိုးသမီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်မီဒီယာတွေက ပြောကြားမှုအရ အက်ဂ်ဒမ်က သူမရဲ့ ဗီဒီယိုတွေကို YouTube က စိစစ်ခဲ့မှုတွေကြောင့် သူမအတွက် ဝင်ငွေလျော့နည်းရမှုကို ဒေါသထွက်နေကြောင်း သိရပါတယ်။ YouTube ရုံးချုပ်မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပြီး အခြား အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

play


YouTube ရုံးချုပ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အက်ဂ်ဒမ်က ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်အဆုံးစီရင်သွားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား မီဒီယာတွေမှာ ဖော်ပြမှုအရ အက်ဂ်ဒမ်ဟာ YouTube ရုံးချုပ်ကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ဖွယ်ရှိကြောင်း သူမရဲ့မိသားစုက အာဏာပိုင်တွေထံ သတိပေးခဲ့ကြတယ်လို့ သိရပါတယ်။

play


အက်ဂ်ဒမ်က YouTube ကို မုန်းတီးနေခဲ့တာကြောင့် အဆိုပါကုမ္ပဏီရုံးချုပ်ကို သွားရောက်ရန်ပြုနိုင်တယ်လို့ သူမရဲ့ဖခင် အစ္စမေးလ်အက်ဂ်ဒမ်က ရဲတပ်ဖွဲ့ထံ ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ YouTube ရုံးချုပ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သို့သော် အက်ဂ်ဒမ်ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေအရ YouTube ဟာ သူမရဲ့ဗီဒီယိုတွေကို ကြည့်ရှုသူနည်းအောင် တမင်ရည်ရွယ်လုပ်ဆောင်နေကြောင်း ယုံကြည်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ထိုအမျိုးသမီးက YouTube ရုံးချုပ်မှာ ပစ်ခတ်ခြင်းမပြုမီ နာရီပိုင်းမျှအလိုက သေနတ်ပစ်လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့းသေးကြောင်း သတင်းတွေက ဖော်ပြပါတယ်။

play


"YouTube က ကျွန်မရဲ့ချန်နယ်ကို ကြည့်ရှုမှုနည်းအောင် စိစစ်လုပ်ဆောင်နေတယ်" လို့ အက်ဂ်ဒမ်က YouTube မှာ ရေးသားထားခဲ့ကြောင်း သိရပါတယ်။ အက်ဂ်ဒမ်ရဲ့ YouTube ချန်နယ်ကို ဧပြီ ၃ ရက်မှာ ဖျက်ပစ်လိုက်ပြီ ဖြစ်ပါတယ်။

အက်ဂ်ဒမ်က Instagram မှာ ပါရှန်းဘာသာစကားဖြင့် ရေးသားထားမှုအရ သူမဟာ အီရန်နိုင်ငံ Urmiah မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အီရန်ကိုပြန်သွားရန် အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အက်ဂ်ဒမ်က ဧပြီ ၃ ရက် နေ့လယ်စာစားချိန်မှာ စန်ဘရူနိုရှိ YouTube ရုံးချုပ်ကို ရောက်ရှိလာပြီးနောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ အလားတူပစ်ခတ်မှု အများစုကို အမျိုးသားတွေကသာ ကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။ FBI မှတ်တမ်းတွေအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်ရပ် ၁၆၀ မှာ အမျိုးသမီးက ပစ်ခတ်မှု ခြောက်ခုသာရှိခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD