လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ ကွန်ပျူတာဆက်နွယ် ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

စင်းလုံးငှားလေယာဉ်ဖြင့် ခရီးသွားနေတဲ့ ဗီဒီယိုတစ်ခုကို အွန်လိုင်းမှာလွှင့်တင်ခဲ့ပြီး တန်ဖိုးကြီး အသုံးအဆောင်တွေနဲ့ တခမ်းတနား လူနေမှုပုံစံ နေထိုင်ခဲ့တာကြောင့် နာမည်ကြီးခဲ့သူ ယခင် ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကို ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

Wirapol ကို ဘုန်းကြီးဝတ်ဖြင့် စင်းလုံးငှားလေယာဉ်ပေါ်မှာ တွေ့ရစဉ် (Photo: YouTube screengrab)



အဆိုပါ ဘုန်းကြီးလူထွက် Wirapol Sukphol ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ ကွန်ပျူတာဆက်နွယ် ရာဇဝတ်မှုများဖြင့် ထိုင်းတရားရုံးက ယနေ့ (သြဂုတ် ၉ ရက်) ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၂၁၃ ခုနှစ်က စင်းလုံးငှားလေယာဉ်ထဲမှာ တန်ဖိုးကြီး Louis Vuitton အမှတ်တံဆိပ် လက်ဆွဲအိတ်နဲ့အတူ ဒေါ်လာငွေစက္ကူအထပ်လိုက် ကိုင်ဆောင်ထားပြီး အကောင်းစားမျက်မှန် တပ်ဆင်ထားတဲ့ Wirapol ရဲ့ YouTube ဗီဒီယို ထွက်ပေါ်လာခဲ့ရာ ဝေဖန်မှုအများအပြား ရှိခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ အကောင်းစားမျက်မှန်၊ ဒေါ်လာအထပ်လိုက်နဲ့ တွေ့ရစဉ် (Photo: Facebook)



ထို့နောက် Wirapol က အမေရိကန်ကို ထွက်ပြေးသွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်အစိုးရက ၎င်းကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ Wirapol ရဲ့ ဘုန်းကြီးဘွဲ့အမည် Luang Pu Nenkham ဖြစ်ပြီး ၎င်းရဲ့ YouTube ဗီဒီယို ထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ဘုန်ကြီးအဖြစ်မှ လူဝတ်လဲခဲ့ရပါတယ်။

Wirapol ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးနဲ့ လိင်ဆက်ဆံမှု အပါအဝင် အခြားပြစ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရပါတယ်။ စွဲချက်တင်ခံခဲ့ရပြီးနောက် ၎င်းက အမေရိကန်သို့ ထွက်ပြေးသွားခဲ့ပေမဲ့ ပြန်လည်လွှဲပြောင်းခံခဲ့ရတာ ဖြစ်ပါတယ်။

လူဝတ်လဲထားသည့် Wirapol ကို တွေ့ရစဉ် (Photo: CNN)



တရားရုံးက Wirapol ကို ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်ခဲ့ပေမဲ့ ထိုင်းဥပဒေပြဌာန်းချက်အရ ထောင်ဒဏ်ကို နှစ် ၂၀ သာ ကျခံရမယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ တူညီတဲ့ပြစ်မှုဖြင့် စွဲချက်တင်မှုတွေမှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် ပြဌာန်းထားပါတယ်။

"တရားရုံးက သူဟာ ပြစ်မှုအများအပြားအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၁၁၄ နှစ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်၊ ဒီအမိန့်အရ သူဟာ အမှန်တစ်ကယ် ထောင်ထဲမှာ နှစ် ၂၀ နေရမယ့်သဘော ဖြစ်ပါတယ်" အထူးအမှုအခင်းဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက Reuters ကို ပြောခဲ့ပါတယ်။

တရားခံအဖြစ်တွေ့ရသည့် Wirapol (Photo: Reuters)



"သူက လူတွေကို မက်လုံးပေးပြီး လိမ်လည်မှုကျူးလွန်ခဲ့တယ်၊ ပြီးတော့ ငွေကြေးခဝါချမှုအဖြစ် သတ်မှတ်ယူဆရတဲ့ တန်ဖိုးကြီး ဇိမ်ခံကားအများအပြားကိုလည်း ဝယ်ယူခဲ့တယ်" လို့ အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပါတယ်။ ယခု တရားရုံးအမိန့်နဲ့ ပတ်သက်ပြီး Wirapol နဲ့ ၎င်းရဲ့ရှေ့နေထံမှ မှတ်ချက်ပေးပြောဆိုမှု မရှိသေးပါဘူး။

Wirapol ဟာ ယနေ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အမှုတွေအပြင် ကလေးသူငယ်ကို မတော်တရော်ပြုမှုနဲ့ ကလးသူငယ် သွေးဆောင်ဖြားယောင်းမှုတို့ဖြင့်လည်း တရားစွဲခံထားရပါတယ်။ ထိုအမှုတွေကိုတော့ လာမယ့် အောက်တိုဘာလမှာ စီရင်ချက်ချမှတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Share

Loading Next Article...
က္က